နှင်းနွယ်နီ
နိရဥ္စရာ၊စက်တင်ဘာ ၁၇ / ၂၀၂၁
ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်းရှိ သဲခုံကျေးရွာမှ ဆံတော်ရှင်ဘုရားထိ ဖောက်လုပ်ထားသောလမ်းမှာ ပျက်စီးနေ၍ ၎င်းလမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၃ ရွာမှဒေသခံများ သွားလာရေး အခက်အခဲကြုံနေရကြောင်း သိ၇သည်။
လမ်းပျက်စီးနေသည့်အတွက်ဒေသခံများအနေဖြင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်မှု ရှိနေကြောင်း၀လန်းကျေးရွာမှ မမိုးမိုးဝင်းက ပြောသည်။
“မိုးရာသီဆိုရင်အရမ်းလမ်းဆိုးပါတယ်။ ဆိုင်ကယ်နဲ့လည်း သွားလို့မ၇ဘူး။ ၀လန်းကစစ်တွေကိုသွားမယ်ဆိုရင် သဲခုံတို့၊ ဂြင်းချောင်းတို့ ဘုတ်ဆိပ်ရှိတဲ့နေရာပေါ့နော်။သွားမယ်ဆိုရင် ခြေထောက်နဲ့သွားရတော့ တစ်ခါတစ်လေကျရင် ဘုတ်မမီလိုက်ဘူး။ လမ်းကအရမ်းဆိုးပါတယ်။ ဆိုင်ကယ်နဲ့ဆိုရင်လည်း ဆိုင်ကယ်သွားလို့မ၇ဘူး၊ လမ်းတွေပိတ်လို့။အဲလို အခက်အခဲတွေကြုံရပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း အခုလိုမိုးရာသီဆိုရင် အရမ်းအခက်အခဲရှိပါတယ်။အဲဒီလမ်းကို ကွန်ကရစ်လမ်းဖြစ်စေချင်ပါတယ်။ ” ဟုပြောသည်။
စစ်တွေမြို့အရှေ့ဘက်ကမ်းတွင်ရှိသော ပေါက်တောမြို့နယ် သဲခုံ - ဆံတော်ရှင် လမ်းကို သဲခုံ၊ ဂြင်းချောင်း၊ယာတိုက်၊ သစ်ခေါင်းတော၊ ဝါးလမ်း၊ ဝါးလမ်းကုန်း၊ ကြံခင်း၊ နားထိုင်းပြင်၊သစ်ပုတ်ချိုင်၊ ဖောင်းခါး၊ ကြွီပြင်၊ပြင်ပုတ်နှင့် ဆံတော်ရှင်ကျေးရွာ စသည့် ကျေးရွာပေါင်း ၁၃ ရွာက အားထားသွားလာနေ၇ခြင်းဖြစ်သည်။
ဂြင်ချောင်းကျေးရွာမှဦးခင်မောင်ကလည်း လမ်းမှာ မြေသားလမ်းဖြစ်သည့်အတွက် မိုးများလျှင်လမ်းများပိုင်းပြတ်သွားမှုများရှိသလို ချိုင့်ခွက်များဖြစ်ပေါ်မှုများကြောင့်သွားလာရခက်ခဲနေ၇ကြောင်း ပြောသည်။
“ဒီရေတက်နေရင်လမ်းကသွားလို့မရတော့ဘူး။ ဒီရေကျနေရင်တော့သွားလို့ရတယ်၊ ကမ်းခြေဘက်က။လမ်းမကောင်းတော့ ဖြစ်သလိုပုံစံမျိုးနဲ့သွားရတာပါပဲ။ လမ်းကကျောက်ခင်းလမ်းလည်းမဟုတ်၊ မြေသားလမ်းဆိုတော့ မိုးရာသီဆိုရင် မိုးတွေကြီး၊ရေတွေဘာတွေကြီးရင် ချိုင့်ဖြစ်တာဖြစ်သွားတယ်၊ တွင်းခေါင်းဖြစ်တာဖြစ်သွားတယ်၊ အဲလိုနောက်ထပ်လည်း လိုက်ပြီး ဆည်ပေးမဲ့သူမရှိဘူး လမ်းတွေဟာ။ ရေတိုက်စားတော့ လမ်းတွေလည်းပိုင်းပြတ်တာတွေရှိတယ်။ ဒီတော့ စစ်တွေမြို့က လမ်းလို ဆံတော်ရှင်ဘုရားဆီကိုတောက်လျှောက် ကွန်ကရစ်လမ်းဖြစ်စေချင်တယ်” ဟု ပြောသည်။
သဲခုံကျေးရွာမှဆံတော်ရှင်တောင်ခြေအထိ ဖောက်လုပ်ထားသောအဆိုပါလမ်းမှာ အရှည် ၂၂ မိုင် ရဖာလုံရှည်ကြောင်း သိ၇သည်။
အဆိုပါလမ်းကိုပြန်လည်ပြုရန်အစီအစဉ်ရှိသော်လည်း ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ် မူတည်သည်ဟုလည်းပေါက်တောမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးပြည့်ဖြိုးမောင်ကနိရဥ္စရာကိုပြောသည်။
“ဘယ်တော့လုပ်မလဲဆိုတော့ ရငွေရမဲ့ ရန်ပုံငွေ အပေါ်မှာပဲ မူတည်ပါတယ်။ ရန်ပုံငွေရဖို့လျာထားလို့အဆင်ပြေမယ်ဆိုရင် ကျောက်ချောလမ်းလျာမယ်၊ ကတ္တရာလမ်းဆိုရင်ရန်ပုံငွေနည်းနည်းများပါမယ်။ လမ်းမိုင်လည်း ရှည်တော့ ကတ္တရာလမ်းအနေနဲ့လည်းအဆင်ပြေမယ်မဟုတ်ပါ ” ဟုပြောသည်။
အဆိုပါလမ်းကို၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင်ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် ၁,၆၆၀ သန်းဖြင့် ကတ္တရာလမ်းအဖြစ်ဖောက်လုပ်ခဲ့သော်လည်းမြေသားလမ်းအဆင့်သာပြီးစီးခဲ့သည်ဟု သိ၇သည်။