စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်ဘေးရှောင်လူငယ်များအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းတစ်ခုပို့ချနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.9k

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၂၁/၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘေးရှောင် လူငယ်များအတွက်ရွယ်ရည်၍ သဘာဝနည်းကျစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းတစ်ခုကို ရက္ခရင်သွီး ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပို့ချနေကြောင်း သတင်းရရှိသည်။
အဆိုပါသင်တန်းကို စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်ရှိ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတိုက်တွင် ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပို့ချပေးနေခြင်းဖြစ်သည်ဟု သိရသည်။
ရက္ခရင်သွီး ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ စိုက်ပျိုးရေးတာဝန်ခံ သင်တန်းဆရာ ကိုတိုင်းကျော်ဌေးက“ဒီက တောင်သူလယ်သမားတွေက တောင်ယာတွေ သီးနှံတွေစိုက်ကြတဲ့အချိန်မှာ အရှုံးပေါ်တာတွေရှိတယ်။ ဘာကြောင့် အရှုံးပေါ်တာလဲဆိုတာကို မရှာကြဘူးဖြစ်နေကြတယ်။ ကျနော်တို့က ဘာကြောင့် အရှုံးပေါ်ရလဲဆိုတာကို အဖြေရှာဖို့အတွက် နယ်စပ်တွေမှာ နိုင်ငံခြားသားတွေဆီကနေ သဘာဝစိုက်ပျိုးရေး နည်းပညာတွေကို သင်ယူခဲ့ပါတယ်။ သင်ယူခဲ့တာတွေကို ပြန်ပြီး ပို့ချတာပေါ့”ဟု နိရဥ္စရာသို့ ပြောသည်။
ယင်းစိုက်ပျိုးရေးသင်တန်းတွင် စစ်ဘေးရှောင်စခန်းများမှ လူငယ်များကို ဦးစားပေးခေါ်ခဲ့ပြီး အခြားအနယ်နယ်အရပ်ရပ်မှလူငယ်များအပါအဝင် စုစုပေါင်း သင်တန်းသား ၁၅ ဦးကို အဆောင်များထား၍ သင်ကြားပို့ချနေကြောင်း ဆက်ပြောသည်။
“ကျွန်တော်က ဒီသင်တန်းကို အရမ်းကြီးစိတ်ဝင်စားလို့တက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီသင်တန်းက ရလိုက်တဲ့ပညာတွေကို ကိုယ့်ရပ်ကိုယ့်ရွာမှာ တစ်နည်းနည်းနဲ့အသုံးချနိုင်မယ်လို့ ယုံကြည်တဲ့အတွက် လာတက်ရတာပါ။”ဟု မောင်တောမြို့နယ်မှ သင်တန်းသား မောင်ကိုနိုင်က ပြောသည်။
သင်တန်းကာလမှာ ၃ လဖြစ်ပြီး သင်တန်းပြီးဆုံးသွားလျှင် ၎င်းတို့အနေဖြင့် မိမိဒေသများတွင် အဆင့်မြင့်စိုက်ပျိုးရေးနည်းစနစ်များဖြင့် စိုက်ပျိုးလာနိုင်မည်ဟုလည်း သင်တန်းဆရာ ကိုတိုင်းကျော်ဌေးက ပြောသည်။
“ရခိုင်မှာ မြေတွေအများကြီးရှိတယ်။ အဲမြေတွေကို အသုံးချဖို့ နည်းပညာမရှိကြဘူး။ မိုးရာသီဆို စပါးစိုက်တယ်။ နောက်ရာသီဆိုရင်တော့ တခြားသီးနှံတွေကို မစိုက်ကြတော့ဘူး။ နောက်ဘာဖြစ်လာလဲဆိုတော့ ရန်ကုန်ဘက်တွေက အသီးအနှံတွေကို ဝယ်ပြီးစားရတဲ့အခါ ဝင်ငွေမရှိဘဲ ထွက်ငွေပဲများလာတယ်။ ကျနော်တို့ စိုက်ပျိုးရေးနည်းပညာတွေကို အဆင့်မြှင့်တင် လုပ်လိုက်ရင် ရန်ကုန်ဘက်က သီးနှံတွေကို ဝယ်စားစရာမလိုတော့ဘူး။” ဟု ပြောသည်။
ရက္ခရင်သွီး ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ယနေ့တွင် ကျောက်တော်မြို့နယ်၌ စိုက်ပျိုးရေးနှင့် မွေးမြူးရေးသင်တန်းတစ်ခုလည်း ဖွင့်လှစ်ခဲ့သည်ဟုလည်း သိရသည်။
အဆိုပါဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ အလုပ်လက်မဲ့လူငယ်များ၊ အထူးသဖြင့် စစ်ဘေးရှောင်စခန်းများရှိလူငယ်များကို အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် သင်တန်းများပို့ချပေးနေသည့် ပရဟိတအဖွဲ့တစ်ခုဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ