သဥ္ဇာနွယ်
နိရဥ္စရာ၊စက်တင်ဘာ ၂၂ /၂၀၂၁
ရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်စခန်းများတွင်နေထိုင်သော အမျိုးသမီး အများစုတွင်အတွင်းခံအဝတ်အထည်များလိုအပ်ကြောင်း သတင်းရရှိသည်။
အတွင်းခံအဝတ်အထည်များအလုံအလောက်မရှိ၍ကြိမ်ဖန်များစွာ ဝတ်နေရသည့်အတွက် ကျန်းမာရေးထိခိုက်မှုများလည်းရှိနေသည်ဟုစစ်ဘေးရှောင်အမျိုးသမီးများက ပြောသည်။
ကျောက်တော်မြို့အမက(၃) စစ်ဘေးရှောင်စခန်းမှ မနွယ်နွယ်သန်းက “မိုးရွာတဲ့နေတွေဆိုရင်အစိုကိုဝတ်ရတဲ့နေ့က ပိုများတယ်။ တစ်ထည်ဝတ်ပြီး နောက်တစ်ထည် လဲစရာမရှိတော့။အစိုအတိုင်းဝတ်တော့ ဗိုက်နာတာတွေ၊ နေမကောင်းဖြစ်တာတွေဖြစ်ကြတယ်။ အပျိုလေးတွေဆိုရင်ဝတ်စရာမရှိရင် အခန်းအောက်ကိုမဆင်းဘဲနေရတယ်။ ဈေးပေါပေါရတဲ့ အတွင်းခံတွေ ဝယ်ဝတ်ရင်တစ်ခါနှစ်ခါဝတ်ရင် ပြဲကုန်တယ်။ ဒီလိုမလုံမခြုံတွေကို ဖာထေးဝတ်နေ၇တာပဲ” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင်လက်ရှိအချိန်အထိ စစ်ဘေးရှောင်စခန်း ၁၃၄ ခုရှိပြီး လူဦးရေ ၉ သောင်းနှင့် ၆ထောင်ကျော်ရှိရာ အမျိုးသမီးဦးရေ ၅ သောင်းကျော်ရှိကြောင်းရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)စာရင်းအရ သိ၇သည်။
စစ်ဘေးရှောင်အမျိုးသမီး၅ သောင်းကျော်အနက် အရွယ်ရောက်ပြီး အမျိုးသမီးများအပါအဝင် အမျိုးသမီးအများစုတွင်အမျိုးသမီး အတွင်းခံအကျီ်များအပါအဝင် အတွင်းခံဘောင်းဘီများနှင့်သွားတိုက်ဆေးများလိုအပ်နေသည်ဟု ထိုအမျိုးသမီးများက ပြောသည်။
“ကျမတို့စခန်းကအမျိုးသမီး ၂၀၀ ကျော်လောက်မှာ အဓိကလိုအပ်နေတာက ဘရာစီယာပါ။ သွားတိုက်ဆေးတို့ဆိုလည်းမရှိဘူး”ဟုကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ဒေါ်အေးခိုင်က ပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင်လူဦးရေ ၅၀၀ ခန့်ရှိသည်ဟု သိ၇သည်။
ယခင်ကအဆိုပါစစ်ဘေးရှောင်အမျိုးသမီးများတွင် လစဉ်သုံးပစ္စည်းများ အရေးပေါ်လိုအပ်ခဲ့သည့်အတွက်စေတနာရှင်များက လာရောက် ထောက်ပံ့ခဲ့ကြသော်လည်း အဆိုပါ အတွင်းခံအကျ(ဘရာစီယာ)နှင့်အတွင်းခံဘောင်းဘီတို့ ထောက်ပံ့သူမရှိသလောက်နည်းနေသည်ဟုလည်းစစ်ဘေးရှောင်အမျိုးသမီးများက ပြောသည်။
မြောက်ဦးကုလားချောင်းစစ်ဘေးရှောင်နေထိုင်သူမအေးအေးငြိမ်းက “ကျမတို့အမျိုးသမီးတွေအတွက်အရေးပေါ်လိုအပ်နေတာက အတွင်းခံပါပဲ။ လစဉ်သုံးတွေကတော့ ရှိပါတယ်”ဟု ပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင်အမျိုးသမီး ၃၇၁ ဦး၊ အမျိုးသား ၃၂၁ ဦးတို့ရှိကြောင်း သိ၇သည်။
လက်ရှိတွင်ကိုဗစ်ကာလဖြစ်သည့်အတွက် အပြင်ထွက်အလုပ်လုပ်၍လည်း မရဖြစ်နေသည့်အတွက် လိုအပ်သည်များကိုဝယ်ယူသုံးစွဲရန်ငွေရေးကြေးရေးလည်း အခက်အခဲဖြစ်နေ၇သည်ဟု ဆိုသည်။
မြေပုံမြို့နယ်ရှိကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှ မသန်းသန်းဝင်းကလည်း “ကျမတို့အလုပ်အကိုင်တွေ အဆင်မပြေဘူး။အဓိကတော့ အတွင်းခံတွေ လိုတာပါ။ ကျန်တာတွေတော့အဆင်ပြေပါတယ်”ဟု ပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင်အမျိုးသမီး ၄၁၈ ဦးနှင့်အမျိုးသား ၃၆၆ ဦး တို့ရှိကြောင်း သိ၇သည်။
အဆိုပါစစ်ဘေးရှောင်စခန်းများအပါအဝင်ရခိုင်ရှိ အခြားစစ်ဘေးရှောင် စခန်းများရှိ အမျိုးသမီးအများစုတွင်လည်း ယခုကဲ့သို့လိုအပ်လျက်ရှိသည်ဟု သိ၇သည်။
ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)မှတာဝန်ခံစောခင်သန်းဝေက “အတွင်းခံမရှိရင်ကျန်းမာရေးထိခိုက်မှုတွေရှိလာနိုင်ပါတယ်။မိုးတွင်းဆိုရင် အဝတ်တွေ မခြောက်တာကို ဝတ်တာကနေ အမျိုးသမီးတွေအတွက် ကျန်းမာရေးအရမ်းအရေးကြီးပါတယ်။ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေ လိုအပ်ရင်လည်း ကျမတို့ရဲ့ရခိုင်အမျိုးသမီးများ အစည်းအရုံးကို အကူညီတောင်းခံနိုင်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင်တိုက်ပွဲများဖြစ်ပွားမှုမရှိတော့သော်လည်း စစ်ဘေးရှောင် ၉ သောင်းကျော်မှာ၎င်းတို့၏ရပ်ရွာအနီး မိုင်းရှင်းလင်းပေးမှုမရှိခြင်းနှင့် နေရပ်ပြန်သွားသော်လည်းဘ၀အာမခံချက်မရှိခြင်းတို့ကြောင့် နေရပ်မပြန်နိုင်ဘဲရှိနေကြခြင်းဖြစ်သည်ဟု သိ၇သည်။
ဓာတ်ပုံ- မြေပုံမြို့နယ်ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းအားတွေ့၇စဉ်။