Preview

သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာအာဆီယံအဆင့်ပန်းချီပြိုင်ပွဲတစ်ခုတွင် ကျောက်ဖြူမှ ၁၂နှစ်အရွယ်ဆဋ္ဌမတန်းကျောင်းသူတစ်ဦးပထမဆုရရှိ

စက်တင်ဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :2240
ရခိုင် သတင်း

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၂၃ / ၂၀၂၁
သဘာ၀ပတ်ဝန်းကျင်နှင့်ပတ်သက်သည့် အာဆီယံအဆင့် ပန်းချီပြိုင်ပွဲတစ်ခုတွင် ၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ၁၂ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသူတစ်ဦး ပထမဆုရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပထမဆုရရှိသူမှာ ကျောက်ဖြူမြို့ မြစ်နားတန်းရပ်ကွက်၊ ဈေးလမ်းရှိ ကျောက်ဖြူပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဦးမိုးကျော်ကျော်နှင့် အလယ်တန်းပြဆရာမ ဒေါ်တင်တင်ဦးတို့၏သမီးဖြစ်သူ မရွှေအိမ်စည်သူဖြစ်သည်။
သူမအပါအဝင် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံ ၁၀ နိုင်ငံတို့မှပြိုင်ပွဲဝင်စုစုပေါင်း ၁၈၈ ဦးသည် စက်တင်ဘာ ၂၀ ရက်ကပြုလုပ်ခဲ့သော အာဆီယံ-တရုတ်မှ ကျင်းပခဲ့သည့် ဒီရေတောနှင့် ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးပန်းချီပြိုင်ပွဲတွင် Online မှတဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိ၇သည်။
ပြိုင်ပွဲဝင်များအနက် ဆန်ကာတင်ရွေးချယ်ခဲ့သည့် အာဆီယံ ၁၀ နိုင်ငံမှ ပြိုင်ပွဲဝင် ၄၀ ဦးနှင့် မြန်မာနိုင်ငံ ရန်ကုန်မှ ၁ ဦး၊ ကျောက်ဖြူမှ ၅ ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင် ၄၆ ဦးတို့ကို online voting စနစ်ဖြင့် ဆက်လက်ရွေးချယ်ခဲ့ရာ “ဒီရေတောနှင့် သဘာ၀ရှုမျှော်ခင်း”ဟုအမည်ပေးထားသည့် ပန်းချီကားဖြင့် ASEAN (International)ပထမဆုကို ကျောက်ဖြူမှ မရွှေအိမ်စည်သူက ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
“ကျနော်မျက်ရည်ပါ ကျမိပါတယ်။ အာဆီယံထိ ဆုရမယ်လို့မထင်ထားပါဘူး။ သားရော၊ သမီးရော ၂ ယောက်လုံးကို ပြိုင်ခိုင်းတယ်။ သားသမီးတွေ ပညာရေးအပိုင်းမှာ ထူးချွန်တာရော၊ အနုပညာပိုင်းမှာ ထူးချွန်တာကို မိဘတစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ သားသမီးတွေကို ဂိမ်းမဆော့ခိုင်းဘူး။ လိုအပ်တဲ့အပိုင်းကို ထောက်ပံ့ပေးတယ်”ဟု ဖခင်ဖြစ်သူ ဦးမိုးကျော်ကျော်က နိရဥ္စရာ သတင်းဌာနကိုပြောသည်။
ဆုရရှိသည့် မရွှေအိမ်စည်သူသည် ကျောက်ဖြူအထကခွဲဖြစ်သည့် အလက (၂)မြို့မကျောင်းတွင် ဆဋ္ဌမတန်း တက်ရောက်နေသူဖြစ်ပြီး ယခုကဲ့သို့ အာဆီယံအဆင့် ပထမဆုရရှိ၍ ဝမ်းသာဂုဏ်ယူမိသည်ဟုလည်း အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ငွေသန်းကြည်က နိရ ဉ္စရာကို ပြောသည်။
“ကျမတို့ ရခိုင်ပြည်နယ်ထဲက ဆုရတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျမတို့ကျောင်းအနေနဲ့လည်း ဂုဏ်ယူရပါတယ်။ တခြားကလေးတွေကိုလည်း ဒီလိုမျိုးဆု၇စေချင်ပါတယ်”ဟု ပြောသည်။
သမီးဆုရရှိသည့်အကြောင်းကို ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်တွင် မြို့နယ်ပညာရေးမှူးက ဆက်သွယ်အကြောင်းကြားလာ၍ သိရှိရခြင်း ဖြစ်ပြီး ဆုယူရမည့်ရက်နှင့် နေရာ၊ အချိန်တို့ကို မသိ၇သေးဟုလည်း ဖခင်ဖြစ်သူက ဦးမိုးကျော်ကျော်က ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက “ ဒီပြိုင်ပွဲကို ကျမကို ရန်ကုန်က သဘာ၀ပတ်ဝန်းကျင်နဲ့ ဒီရေတော ထိန်းသိမ်းရေးရုံးချုပ်ကဆရာမ တစ်ယောက်က ကျောက်ဖြူမှာလည်း ဒီရေတော ပန်းချီပြိုင်ပွဲကို လုပ်စေချင်တယ်ဆိုပြီး ဆက်သွယ်လာလို့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ”ဟု ပြောသည်။
မရွှေအိမ်စည်သူသည် မွေးချင်းနှစ်ဦးတွင် အငယ်ဆုံးသမီးဖြစ်ပြီး ယခင်ကလည်း ပန်းချီပြိုင်ပွဲများ၌ ဆုများရရှိခဲ့ဖူးသူဖြစ်သည်ဟု သိ၇သည်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.