ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်မှ ကျေးရွာတချို့တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်တချို့က ထောက်ပံ့ကြေးရပြီး တချို့က မရဖြစ်နေ၍ ပြဿနာပေါ်ပေါက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.5k

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၂၅/၂၀၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်အုပ်စုအတွင်းရှိ ကျေးရွာ ၁ဝ ရွာမှ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်အများအပြားတွင် မိခင်တချို့က လူ/ကယ်/ပြန်၏ ထောက်ပံ့မှုကို ရရှိသလို တချို့မှာ လုံးဝရရှိခြင်း မရှိဖြစ်နေ၍ ပြဿနာ ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။
၎င်းပြဿနာ ပေါ်ပေါက်နေသည့် ကျေးရွာများမှာ ဆင်တက်မော်အုပ်စုထဲရှိ မြတဲကျေးရွာ၊ မင်းကပ်ကျေးရွာ၊ ချီဝေကျေးရွာ၊ ကြာကန်ကျေးရွာ၊ နဂါးမြောင်းကျေးရွာ၊ တောတန်းကျေးရွာ၊ အထက်ရွာကျေးရွာ၊ ဘော်ဒလီကျေးရွာ၊ ပိုက်ဆိပ်ကျေးရွာနှင့် ဆင်အိုင်းကျေးရွာတို့ ဖြစ်ကြသည်။
ချီဝေကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ထောက်ပံ့ကြေး ရတဲ့သူရ။ မရတဲ့သူ မရနဲ့ စကားတွေ များကြတယ်။ ရွာမှာ ကိုယ်ဝန်ဆောင်ကော၊ ၂ နှစ်အောက် ကလေးအမေတွေကော၊ အယောက် ၄၀ ကျော်လောက်ရှိတယ်။ ၁၀ ကျော်လောက် ရလာတာကြည့်လိုက်တော့ အုပ်ချုပ်ရေးမှူး အမျိုး တော်စပ်သူတွေ၊ သူနဲ့ ရင်းနှီးတဲ့ သူတွေဖြစ်နေတယ်။ တိုင်ဖို့ ပြောဖို့ကြလည်း ဘယ်မှာ သွားပြောရမှာလေ။ ကျနော်တို့ ကျွန်းရွာတွေက လူတွေလည်း အဲလောက် အမြင်အမြော်ရှိတာလည်း မဟုတ်လေ”ဟု ပြောသည်။
အထက်ရွာကျေးရွာမှ သမီးကိုယ်စားသွားထုတ်ခဲ့သည့် ဒေါ်မနုကလည်း “ကျမသမီးလေးမှာ အရင်အုပ်ချုပ်ရေးမှူးလက်ထက်ကနေ ရလာတာ။ ကိုယ်ဝန်ဆောင်နေစဉ်ကလည်း ရခဲ့တယ်။ မြေးလေးကို မွေးဖွားပြီးရင်လည်း ရခဲ့တယ်။ အခု အုပ်ချုပ်ရေးမှူးလက်ထက်မှာ မရဘူးဖြစ်နေတာ”ဟု ပြောသည်။
ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်အများအပြားမှာ အဆိုပါထောက်ပံ့ငွေများကို ယခု နစက ကောင်စီလက်ထက်တွင် မရရှိဖြစ်နေကြခြင်းဖြစ်သည်ဟု တောတန်းကျေးရွာမှ မပန်းဝါချေက က ပြောသည်။ သူမမှာ ကိုယ်ဝန် ၃ လခန့်မှစ၍ ထောက်ပံ့ကြေးယူရန် စာရင်းသွင်းထားခဲ့သော်လည်း ကလေး ၆ လအရွယ်ရောက်သွားသည်အထိ ထောက်ပံ့ငွေတစ်ကြိမ်မျှမရဖူးသေးကြောင်း နိရဥ္စရာသို့ ပြောသည်။
“တစ်ခါမှ ထောက်ပံ့ငွေ မရဖူးဘူး။ ကလေးကို ဆေးထိုးခေါ်ရင်လည်း လတိုင်းလိုလို သွားထိုးတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်က အုပ်ချုပ်ရေးမှူးဆီကို ထောက်ပံ့ကြေး သွားထုတ်တော့ မရခဲ့ဘူး။ ကျမတို့ နောက်က သုံးလေးယောက်ကိုတော့ တိတ်တိတ်ကလေး ပေးလိုက်တယ်”ဟု ပြောသည်။
တောတန်းကျေးရွာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင် ၃၀ ဦးခန့်မှာ ဆင်တက်မော်အုပ်စု အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ငွေသွားထုတ်ခဲ့ရာ ၁၉ ဦးခန့်ရရှိခဲ့ပြီး ကျန်သူများတွင် ယခုအချိန်အထိ တစ်စုံတစ်ရာထောက်ပံ့ငွေမရရှိသေးဟု ဆက်ပြောသည်။
ကျေးရွာ ၁ဝ ရွာမှ ထောက်ပံ့ငွေမရသည့် ကိုယ်ဝန်သည်ဦးရေနှင့် ကလေးမိခင်ဦးရေ မည်မျှရှိမည် ဆိုသည်ကို မခန့်မှန်းနိုင်ဟုလည်း ဒေသခံများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ် ဆင်တက်မော်အုပ်စု အုပ်ချုပ်ရေးမှူး ဦးလှထွန်းစိန်က ထောက်ပံ့ကြေးပေးရန်စာရင်းကောက်ယူရာတွင် ပေးသည့်သူများရှိသလို မပေးသည့်သူများလည်း ရှိခဲ့သည်ဟု ပြောသည်။
ဦးလှထွန်းစိန်က “ကျနော်တို့ အုပ်စုတစ်ခုလုံးမှာ မိခင် ၂၀၀ ကျော်လောက်ရှိတယ်။ သူတို့ အားလုံးကို ပေးပြီးပါပြီ။ ဘယ်နှစ်လအတွက်ဆိုပြီးမဟုတ်ဘူး။ ကိုယ်ဝန်ဆောင်ဖြစ်ဖြစ်၊ ၂ နှစ်အောက် ကလေးအမေဖြစ်ဖြစ် တစ်ယောက်စီကို ၄၅,၀၀၀ နှုန်းနဲ့ ပေးတာပါ။ ကျနော်အုပ်ချုပ်ရေးမှူးစလုပ်ကနေ ဒီတစ်ကြိမ်ပဲ ရသေးတယ်။ စာရင်းမပါရင်တော့ မရဘူးလေ။ ကျနော်ကောက်တဲ့အခါ ပေးတဲ့သူက ပေးတယ်။ မပေးတဲ့ သူက မပေးဘူး”ဟု ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ ဘဝကနဦး ပထမရက်ပေါင်း (၁,၀၀၀) အတွင်း အာဟာရ ပြည့်ဝစွာ စားသုံးခွင့်ရ၍ ကျန်းမာ သန်စွမ်းသောလူသားအရင်းအမြစ်များအဖြစ် ရှင်သန် ကြီးပြင်းနိုင်စေရေးရည်ရွယ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးနေခြင်းဖြစ်သည်။
ယင်းသို့ထောက်ပံ့ရာတွင် ကိုယ်ဝန်ရှိစဉ်မှစ၍ ကလေးမွေးဖွားပြီး အသက် ၂ နှစ်အရွယ်အထိ အကျုံးဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင် တစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းခွဲနှုန်းဖြင့် ထောက်ပံ့ပေးနေခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ငွေများကို ကျေးရွာအများအပြားတွင် တစ်လ တစ်ကြိမ်ထုတ်မပေးဘဲ သုံးလလျှင် တစ်ကြိမ် ပေါင်း၍ထုတ်ပေးတတ်ကြကြောင်း သိရသည်။


ဆက်စပ် သတင်းများ