ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အိန္ဒိယတွင် ဖမ်းဆီးခံထားရသည့် ALP တပ်ဖွဲ့ဝင်များအား ပြစ်ဒဏ်လျှော့ပေါ့ပေးရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 449

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၇/ ၂ဝ၂၁
အိန္ဒိယစစ်တပ်နှင့် ရဲတို့ထံ လက်နက်များနှင့်အတူဖမ်းဆီးခံခဲ့ရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တပ်ဖွဲ့ဝင်များကို ဥပဒေအရ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် ALP ခေါင်းဆောင်များက အိန္ဒိယအစိုးရနှင့် ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံထားရသူများမှာ ALP မှ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်သျှန်ထွန်းနှင့် တပ်ဖွဲ့ဝင်(၄) ဦးတို့ဖြစ်ကြသည်။
လက်ရှိတွင် ၎င်းတို့ကို မီဇိုရမ်ပြည်နယ် အိုင်ဇော်မြို့(Aizawl city)သို့ ပြောင်းရွှေ့ထားသည်ဟု သတင်းရရှိသဖြင့် ယခုလ စက်တင်ဘာလအတွင်း၌ အိန္ဒိယနိုင်ငံအစိုးရနှင့် ALP ခေါင်းဆောင်များက ညှိနှိုင်းနေပြီး လက်နက်များနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်သဖြင့် အမှုကိုလျှော့ပေါ့နိုင်ရေးကြိုးပမ်းနေရကြောင်း ALP ပြောခွင့်ရသူ ဗိုလ်မှူးကြီး ခိုင်စောမြက နိရဥ္စရာအားပြောသည်။
“သူတို့ရဲ့အခြေအနေကကောင်းပါတယ်။ ဒါပေမဲ့ သူတို့လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ အိန္ဒိယအစိုးရနဲ့လည်း ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကိုပြန်ပြီးလွှတ်ပေးဖို့အတွက် ကျွန်တော်တို့ နီးနီးကပ်ကပ်ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
၄င်းတို့မှာ တရားဥပဒေအရ လွတ်မြောက်ရန်လွယ်ကူမည်မဟုတ်သော်လည်း အမှုကို လျှော့ပေါ့နိုင်ရန် ဆောင်ရွက်ရန် ဦးစွာလုပ်ဆောင်နေရကြောင်း သူက ဆက်ပြောသည်။
“သူတို့လည်းပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဥစ္စာက သတင်းတွေမှာပါသွားပြီဆိုတော့ ဥပဒေလမ်းကြောင်းအရပဲသွားရမယ်။ ဒါပေမဲ့လည်း အမြန်ဆုံးလွတ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံးလျှော့ပေါ့ဖို့အတွက် သူတို့လည်းပဲ ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီနေပါတယ်” ဟုပြောသည်။
ALP မှ ဗိုလ်မှူးအဆင့်ရှိသူ ခိုင်သျှန်ထွန်းနှင့် တပ်ဖွဲ့ဝင်(၄)တို့ကို ပစ်စတိုသေနတ်နှစ်လက်၊ လက်ပစ်ဗုံးနှင့် သေနတ်ကျည်အချို့နှင့်အတူ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့၌ အိန္ဒိယနိုင်ငံ လောင်တလိုင်ခရိုင်၊ မီဇိုရမ်ပြည်နယ်တွင် 3rd Assam Rifles (အာသံရိုင်ဖယ်) တပ်နှင့် လောင်တလိုင်ရဲများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံရှိ LPS သတင်းဌာနတွင် ဖော်ပြခဲ့သည်။
Photo- DefenceXP

ဆက်စပ် သတင်းများ