Preview

ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ဦးစားပေးအဆင့် ၁၆ ခုအထဲပါဝင်သည့် ၁၈ နှစ်အထက်ရှိသူများကိုလည်း ထိုးပေးနေ

စက်တင်ဘာ ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :8600
ရခိုင် သတင်း

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၂၇/၂၀၂၁
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ ဦးစားပေးအဆင့် ၁၆ ခုအထဲတွင်ပါဝင်သည့် ၁၈ နှစ်အထက်ရှိသူများကိုလည်း ကာကွယ်ဆေးထိုးပေးနေကြောင်း သတင်းရရှိသည်။
၎င်းတို့ကို ယခုလလယ်ခန့်မှစတင်ထိုးပေးနေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ဒုတိယအသုတ်တွင် ခွဲတမ်းရရှိထားသည့် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးအလုံးရေ ၂ သိန်း ၃ သောင်းထဲမှ ထိုးပေးနေခြင်းဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“၁၈ နှစ်အထက်တွေကို တပြိုင်နက်တည်းထိုးဖို့ ဆရာတို့မှာ ဆေးမလောက်ဘူးလေ။ ကိုယ့်နိုင်ငံကလည်း မထုတ်နိုင်ဘူး။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေက အကန့်အသတ်တွေနဲ့ ဝယ်၇တယ်။ အခု ၁၈ နှစ်အထက် ထိုးတယ်ဆိုတာကလည်း ဦးစားပေး ၁၆ မျိုးထဲက အသက် ၁၈ နှစ်ပြည့်သူတွေကို ထိုးပေးတာပါ”ဟု နိရဥ္စရာသို့ ပြောသည်။
ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ ဦးစားပေးအဆင့် ၁၆ ခုထဲတွင် အစိုးရကျန်းမာရေးဝန်ထမ်း၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းနှင့် ပရဟိတဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာ၊ သာသနာ့ဝန်ထမ်း၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ၊ ဟိုတယ်၊ တည်းခိုးခန်းနှင့်အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းသားနှင့်အချုပ်သားများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စူပါမားကတ်များ၊ မသန်စွမ်းသူများ၊ EAO၊ ရွှေ့ပြောင်းလူအုပ်စုများနှင့်ယာယီစခန်းများ၊ နာတာရှည်ရောဂါခံစားနေရသူများ ပါဝင်သည်ဟု သိ၇သည်။
ငပလီမြို့ ဂျိတ္တောရပ်ကွက်မှ မတင်တင်လွင်က "ကျမတို့ ရပ်ကွက်မှာ ကြော်ငြာသွားတယ်။ အသက် ၁၈ နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရတယ်ဆိုလို့ သွားထိုးဖြစ်တာပါ။ ကိုဗစ်ကို မဖြစ်အောင် ကာကွယ်ပေးတယ်ပေါ့။ ဖြစ်ခဲ့ရင်တောင်မှ ဆိုးဝါးဝါး မဖြစ်ဘူးပေါ့နော်။ အဲကြောင့် ထိုးဖြစ်တာပါ။”ဟု ပြောသည်။
ရခိုင်တွင် တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovic အမျိုးအစားကိုဗစ်ကာကွယ်ဆေးများကို အသက် ၆၅ နှစ်အထက်ရှိသူများအား ပထမဦးစားပေးထိုးပေးခဲ့ပြီဖြစ်ပြီး ယခုအခါ ၅၅ နှစ်အထက်ရှိသူများကိုလည်း ထိုးပေးနေပြီဟု သိ၇သည်။
အိန္ဒိယနိုင်ငံထုတ် COVIDSHIELD အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကိုလည်း ယခုနှစ် ဇန်နဝါရီလတွင်စတင်ထိုးနှံပေးခဲ့သည်ဟု သိ၇သည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.