Preview

AA ကို ကိုဗစ်ကာကွယ်ဆေးပေးမည့်အစီအစဉ် ကြန့်ကြာမှုများရှိနေ

အောက်တိုဘာ ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :4581
ရခိုင် သတင်း

သျှင်မင်းဇံ
နိရဥ္စရာ၊ အောက်တိုဘာ ၉/၂၀၂၁
ရက္ခိုင့်တပ်တော် (AA) ကို ကိုဗစ်ကာကွယ်ဆေးများ ပေးအပ်သွားမည် ဖြစ်ကြောင်း များမကြာမီက ရခိုင်ပြည်နယ်ကောင်စီက ထုတ်ဖော် ပြောကြားထားသော်လည်း လက်တွေ့တွင် ပေးအပ်နိုင်ခြင်း မရှိသေးကြောင်း သိ၇သည်။
ထိုသို့ မပေးအပ်နိုင်ခြင်းမှာ နစက ကောင်စီအနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိစ္စများကို ဆောင်ရွက်နေရသည့်အတွက်ဖြစ်ကြောင်း ပြည်နယ်ကောင်စီ၏ ပြောခွင့်၇သူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၈ ရက်ပြုလုပ်သည့် ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် AA ကို ကိုဗစ်ကာကွယ်ဆေး ထုတ်ပေးမည့် အခြေအနေနှင့် ပတ်သက်ပြီး နိရဥ္စရာ သတင်းဌာန၏ မေးမြန်းမှုအပေါ် ယင်းသို့ သူက တုံ့ပြန် ဖြေကြားသွားခဲ့သည်။
"သူတို့ကို ကိုဗစ်ဆေးတွေ လွှဲပြောင်းပေးမှာလား။ ထိုးပေးမှာလားဆိုတာကို ကျနော်တို့ ပြည်နယ် အစိုးရက ဆုံးဖြတ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ။ ကျနော် ပြည်ထောင်စု အဆင့် သက်ဆိုင်သူတွေကို မေးကြည့်တော့ လတ်တလောအားဖြင့် ငြိမ်းချမ်းရေး ဆောက်ရွက်နေတဲ့ အနေအထားမှာ ရှိတယ်။ ဆေးထိုးပေးမဲ့ကိစ္စတွေကို ဘယ်လိုလုပ်မယ်ဆိုတာကို ပြည်ထောင်စုက ညွှန်ကြားလာဖို့ရှိတယ်" ဟု ပြောသည်။
AA ကို ကာကွယ်ဆေးများထုတ်ပေးရန်ခွင့်ပြုချက်ရသည်နှင့် ချက်ချင်း ထုတ်ပေးနိုင်ရန် ပြည်နယ်ကောင်စီတွင် ဆေးအလုံးရေအဆင်သင့် ရှိနေပြီဟုလည်း ဦးလှသိန်းက နိရဥ္စရာကို မကြာသေးခင်က ပြောထားသည်။
ကိုဗစ်ကာကွယ်ဆေးများ ရရှိလာပါက ၇ခိုင်မှ မြို့နယ်(၆) ခုဖြစ်သည့် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ၇သေ့တောင်နှင့် မောင်တောမြို့တို့မှ ပြည်သူများကို ဦးစားပေးအနေဖြင့် ထိုးပေး သွားမည်ဟု AA က ထုတ်ဖော် ပြောဆိုထားသည်။
နစကကောင်စီက နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးနေရသည့်အတွက် လတ်လလောတွင် အကြောင်းပြန်မှု မရှိသေးခြင်း ဖြစ်သဖြင့် AA ကိုပေးအပ်မည့် ကိုဗစ်ဆေးကိစ္စမှာ ကြန့်ကြာနေသည်ဟုလည်း ဦးလှသိန်းက ပြောသည်။
ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့တွင်လည်း အမျိုးသားစည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အနိုင်ရ နိုင်ငံရေးပါတီတို့ နေပြည်တော်၌တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိ၇သည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.