စစ်တွေတွင်တည်နေသည့် ရန်ပြေမာန်ပြေဘုရားတည်ဆောက်မှု ၆၅ ရာနှုန်းပြီးစီး


သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ BXT ဆိပ်ကမ်းအနီးတွင် ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော် ဦးကုလရက္ခိတ၏ဦးဆောင်မှုဖြင့်တည်ထားတော်မူနေသည့် ရန်ပြေမာန်ပြေဘုရားတည်ဆောက်နေမှုမှာ ၆၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ရန်ပြေမာန်ပြေဘုရားကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ရောဂါအခြေအနေများကြောင့် လုပ်ငန်းရပ်နားထားခဲ့သော်လည်း လက်ရှိတွင် ပြန်လည်စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ပြေမာန်ပြေဘုရားကြီးတည်ဆောက်ရေးတာဝန်ခံ ဦးစံမြက “ဒီဘုရားကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှာပြီးမယ်လို့ခန့်မှန်းထားပါတယ်။ လုပ်သား ၄၀ ကျော်လောက်နဲ့ ဆောက်လုပ်နေတာပါ”ဟု ပြောသည်။
ယခုတည်ဆောက်လျက်ရှိသော ဘုရား၏ဉာဏ်တော်အမြင့်မှာ ၇၂ ပေနှင့် ပလ္လင်တော်အမြင့် ၁၁ ပေရှိသည်ဟု သိရသည်။
ဘုရား၏ဘေးပတ်ပတ်လည်တွင် အမြင့် ၁၁ ပေရှိသည့် အရံစေတီ ၆၂ ဆူ၊ အလျား ၉ ပေရှိ သိကြားမင်း ၁ ပါးနှင့် နတ်မင်းကြီး ၄ ပါး၊ အမြင့် ၁၅ ပေရှိ ဘီးလူးရုပ်တု ၂ ခုနှင့် ဉာဏ်တော်အမြင့် ၉ ပေရှိသော အဓိဋ္ဌာန်ဆရာတော် ဦးကုလရက္ခိတ၏ ကြေးသွန်းရုပ်တုတို့ကိုထားရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဘုရားကြီးတည်ဆောက်နိုင်ရန် မြေဧက အလျား ၁၇၂ ပေ၊ အနံ ၁၁၅ ပေရှိသည့်မြေကွက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကိုရီးယား-မြန်မာကုန်သွယ်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မိုးနှင့် BXT ကုမ္ပဏီဥက္ကဋ္ဌတို့က လှူဒါန်းထားခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါဘုရားကိုတည်ထားရခြင်းမှာ “ရန်ပြေမာန်ပြေဘုရားတည် တိုင်းပြည်မြို့ရွာ အေးချမ်းမည်။ ရန်ပြေမာန်ပြေဘုရားတည်ပြီး ရွှေလည်းသီး၊ ငွေလည်းသီး”ဆောင်ပုဒ်ဖြင့် လူအများတည်ငြိမ်အေးချမ်းစွာ ကုသိုလ်ယူနိုင်အောင်တည်ထားခြင်းဖြစ်သည်ဟု ရန်ပြေမာန်ပြေဆောက်လုပ်ရေးတာဝန်ခံ ဦးစံမြက နိရဥ္စရာကိုပြောသည်။
“ဆရာတော်ဘုရားကြီးက အများသူငါ ကုသိုလ်ပွားနိုင်အောင် အလှူရှင်တွေကလှူဒါန်းပြီးတည်ဆောက်တာပါ”ဟု ပြောသည်။
ယခုတည်ဆောက်နေသည့်ဘုရားကို ကျောက်တော်မြို့တွင်ရှိသော မဟာမုနိရုပ်တုတော်အတိုင်း တည်ဆောက်နေခြင်းဖြစ်ပြီး ဘုရားကျောင်းဆောင်တစ်ခုလုံးနှင့် ရုပ်တုများအားလုံးအတွက် ကျပ်သိန်းပေါင်း ၂ သောင်းခွဲကုန်ကျမည်ဟု သိရသည်။
အဓိဋ္ဌာန်ဆရာတော်ကြီးသည် ရန်ကုန်၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ ယိုးတရုပ်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ စစ်တွေမြို့ရှိ အဓိဋ္ဌာန်သိမ်တော်ကြီးနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် ရန်ပြေမာန်ပြေဘုရားများကို တည်ထားပူဇော်ထားသည်ဟု သိရသည်။
လက်ရှိ စစ်တွေတွင်တည်ဆောက်လျက်ရှိသော ရန်ပြေမာန်ပြေဘုရားမှာ ၁၁ ဆူမြောက်ဘုရားဖြစ်ပြီး အဓိဋ္ဌာန်ဆရာတော်ကြီးတည်ထားကိုးကွယ်ခဲ့သော ဘုရားများထဲတွင် ဉာဏ်တော်အမြင့်ဆုံးနှင့် အကြီးဆုံးဘုရားဖြစ်ကြောင်း သိရသည်။

Share: