သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် ရှေးဟောင်းအမွေအနှစ်များရှိသည့်တောင်များကိုဖြို၍ ကျောက်တူးနေမှုများကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.5k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၁
ရခိုင်တွင် ရှေးဟောင်းအမွေအနှစ်များရှိသည့်တောင်များကိုဖြို၍ ကျောက်တူးနေမှုများကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပျက်စီးဆုံးရှုံးမှုများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးနစ်နာမှုများရှိနေကြောင်း ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌဒေါ်ခင်သန်းက နိရဥ္စရာကိုပြောသည်။
ရခိုင်မင်းနေပြည်တော်ဖြစ်ခဲ့သည့်မြောက်ဦးမြို့တွင်လည်း တောင်များကိုဖြို၍ ကျောက်တူးမှုများရှိနေပြီး ဟန့်တားသော်လည်း ဆက်လက်တူးနေကြသည်ဟု ဆိုသည်။
မြောက်ဦးတွင် ရခိုင်ဘုရင်များစိုးစံခဲ့စဉ်ကတည်းက သဘာဝတောင်တန်းများသည် တံတိုင်းအဖြစ်ရှိနေပြီး လူလုပ်တံတိုင်းများနှင့်ပေါင်းစပ်ကာရံထားခဲ့ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ကျောက်တူးမှုများကြောင့် နောင်တစ်ချိန်တွင် ရခိုင်နန်းတည်ဆောက်ပုံ၊ မြို့တည်ဆောက်ပုံတို့ကို ဖော်ပြရန်ခက်ခဲသွားမည်ဟု ၄င်းက ဆက်ပြောသည်။
"ဒါတွေဟာ မြောက်ဦးရဲ့ အစားပြန်ထိုးလို့မရနိုင်တဲ့ ရခိုင့်အမွေအနှစ်တွေဖြစ်တယ်။ အရင်က ပေါက်တူးတွေ၊ တူးရွင်းတွေနဲ့တူးရင် တောင်တစ်လုံးကို တော်တော်တူးကြရတယ်။ အခုအခါ ဘတ်ဟိုးတွေနဲ့တူးကြတော့ မနက်ပိုင်းတူးရင် ညနေပိုင်းဆိုမကျန်တော့ဘူး။ မြောက်ဦးမြို့ရဲ့ အခြေအနေက အင်မတန် ရင်လေးဖွယ်ဖြစ်နေပါတယ်"ဟု ပြောသည်။
ရခိုင်ပြည်သူများနှင့် တောတောင်များကိုဖြိုပြီး ကျောက်တူးဖော်သူများအနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကိုသိရှိဖို့လိုအပ်သလို ကာကွယ်ထိန်းသိမ်းကြရန်လည်း ဒေါ်ခင်သန်းက တိုက်တွန်းသည်။
တောင်များကိုဖြိုရာတွင် အစိုးရ၏တည်ဆောက်ရေးလုပ်ငန်းအတွက်တူးဖော်ခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက််တူးဖော်ခြင်းနှင့် ပုဂ္ဂလိကစီးပွားရေးအရ တူးဖြိုခြင်းများရှိကြောင်း သိရသည်။
တူးဖြိုရာတွင် တရားဝင်လိုင်စင်ဖြင့်တူးဖြိုခြင်းများရှိသလို လိုင်စင်မရှိဘဲ တရားမဝင်တူးဖြိုခြင်းများလည်းရှိသည်ဟု ဒေသခံများက ပြောသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဦးထွန်းဝင်းကလည်း တောင်ဖြိုမှုများကြောင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ထိခိုက်မှုများရှိသည့်အပြင် ရခိုင်လူထုသည် တောတောင်ကို အဓိကမှီအားထားကြရသည့်အတွက် ယခုကဲ့သို့ တူးဖြိုနေမှုကြောင့် အောက်ခြေပြည်သူလူထု၏စီးပွားရေးကိုပါ ထိခိုက်နစ်နာမှုများရှိသည်ဟု ဆိုသည်။
အချို့တောင်များသည် သမိုင်း၊ ယဉ်ကျေးမှုများနှင့် ဆက်စပ်မှုရှိသည့်အတွက် ပြည်သူများအနေဖြင့်လည်း မသက်ဆိုင်သလိုမနေဘဲ မသင့်တော်ထင်လျှင် ကန့်ကွက်သင့်ကြောင်း ပြောသည်။
"ကျောက်တော်က တောင်ပေါက်ကြီးကျောက်စာတွေဆိုရင် ရခိုင်သမိုင်းယဉ်ကျေးမှုတွေနဲ့ဆက်စပ်နေတယ်။ သမိုင်းနယ်ပယ်ထဲမှာရော၊ ယဉ်ကျေးမှုနယ်ပယ်ထဲမှာရော နာမည်ကြီးတယ်။ အဲ့ဒီတောင်ပေါက်ကြီးကျောက်စာရတဲ့ ကျောက်တော်မြို့နယ်က တောင်ပေါက်ကြီးတောင်ကို ရထားလမ်းစီမံကိန်းနဲ့ တောင်ကိုဖောက်ရတယ်။ နောက်ပိုင်းမှာ ရထားလမ်းစီမံကြီးက ပျက်သွားပေမဲ့ ကျောက်ထုတ်နေတာတွေက မရပ်ဘူး။ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ လက်ဝါးရိုက်ပြီး ဝိသမလောဘသားတွေက တောင်ကိုဖြိုပြီး ကျောက်တူးရောင်းခဲ့ကြတဲ့အခြေနေတွေဖြစ်ခဲ့တယ်"ဟု ပြောသည်။
ကျောက်တော်မြို့နယ်မှ တောင်ပေါက်ကြီးတောင်နှင့် ကန်စောက်တောင်ကိုဖြိုပြီး ကျောက်တူးနေမှုကို ၂ဝ၁၈ ပြည့်နှစ်အတွင်း ပြည်ထောင်စုလွှတ်တော်တွင်တင်ပြခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ကျောက်ဖြူဒေသခံ ကိုထွန်းကြွယ်ကလည်း ရခိုင်ရှေးဟောင်းကျောက်စာနှင့် ဘုရားများရှိသည့် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ ကျောက်တောင်ကိုလည်း စီးပွားရေးသမားများက ကျောက်တူးရန်လုပ်ခဲ့ပြီး ဒေသခံများကကန့်ကွက်ခဲ့သည့်အတွက် ရပ်ဆိုင်းသွားကြောင်း နိရဥ္စရာကိုပြောသည်။
"အခုလိုတောင်ဖြိုကျောက်ထုတ်တာတွေက လုံးဝမဖြစ်သင့်ပါဘူး။ မြေအောက်ရေ၊ မြေအောက်သယံဇာတတွေက ကျောက်ကိုမှီပြီးမှရှိတာ။ ဒါတွေကို အခုလိုတွေတောင်တွေကိုဖြို၊ ကျောက်တူးမှုတွေကြောင့် ရာသီဥတုတွေပူပြင်းလာမယ်။ တောတောင်တွေ၊ သစ်ပင်တွေလည်း ခြောက်ကပ်လာမယ်။ အဲ့လိုကျောက်တောင်ကြီးတွေကို ရှေးဟောင်းအမွေအနှစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မဖြိုသင့်ဘူး"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက တူးဖြိုနေသည့်နေရာအတိအကျကိုသိရလျှင် မြို့နယ်အုပ်ချုပ်ရေးမှူးများကိုစိစစ်ခိုင်းပြီးမှ ဆုံးဖြတ်ချက် ချနိုင်မည်ဟု ပြောသည်။
"ဘယ်မြို့နယ်မှာ၊ ဘယ်နားမှာတူးလို့ ရှေးဟောင်းအမွေအနှစ်ပျက်စီးနေလဲဆိုတာကို တိတိကျကျကြားရရင် ဥပမာ မြောက်ဦးမှာရှေးဟောင်းမြေနေရာတွေကိုတူးနေတယ်ဆိုရင် နေရာအတိအကျဆိုရင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးကိုစိစစ်ခိုင်းပြီး သူတို့ကသတင်းပြန်ကြားလာတဲ့အပေါ်မှာ ကျွန်တော်တို့ကဆုံးဖြတ်ချက်ချရမယ်"ဟု ပြောသည်။
မင်းပြားမြို့အနောက်ဘက်ရှိ သမိုင်းဝင် ကျိန်းတောင်စေတီ ဇိဝှာဓာတ်တည်ရှိရာ ကျိန်းတောင်တန်းတွင် နှစ်ပေါင်း ၁ဝ ကျော်ခန့်အကြာ ကျောက်ထုတ်လုပ်ခဲ့မှုများကြောင့် တောင်တန်းရှိ စိမ့်စမ်းရေ၊ သဘာဝအလှနှင့် သစ်ပင်မျိုးစိတ်များပျက်စီးခဲ့ကြသည်ဟု သိရသည်။
၂ဝ၁၈ ခုနှစ်အတွင်းတွင် ဒေသခံများက ကန့်ကွက်တားမြစ်ခဲ့မှုများကြောင့် ယင်းအချိန်မှစတင်ကာ ယခုအချိန်ထိ ကျောက်ထုတ်လုပ်မှုမရှိတော့ကြောင်း ဒေသခံများက ပြောသည်။
(ဓာတ်ပုံ - ၂ဝ၁၈ ခုနှစ်အတွင်းက မင်းပြားကျိန်းတောင်တွင် ကျောက်ထုတ်ခဲ့သည်ကိုတွေ့ရစဉ်/ Photo -မူရင်းပိုင်ရှင်)

ဆက်စပ် သတင်းများ