Preview

စစ်တွေရှိ ဟိန္ဒူဘုရားပွဲ လူပေါင်း ၅ ထောင်ကျော် လာရောက်လည်ပတ်

အောက်တိုဘာ ၁၄/ ၂၀၂၁ | ကြည့်ရှုသူ :531
ရခိုင် သတင်း

ချစ်အိလှိုင်၊ သဥ္စာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၁၄/ ၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ကျင်းပနေသည့် ဟိန္ဒူဘုရားပွဲကို ဒေသခံ လူပေါင်း ၅ ထောင်ကျော်လာရောက်လည်ပတ်နေကြသည်ဟု သတင်းရရှိသည်။
ဟိန္ဒူဘာသာဝင်များ၏ ဘုရားပွဲ(ဒေသအခေါ် ဆိုင်းတီးပွဲ)ကို စစ်တွေတွင် အောက်တိုဘာလ ၁၀ ရက်မှ ၁၅ ရက် နေ့လယ် ၁၂ နာရီအထိ ကျင်းပနေခြင်းဖြစ်ပြီး ပွဲတော်ရက်များအတွင်း လူပေါင်း ၅ ထောင်ကျော်လာရောက်လည်ပတ်နေကြသည်ဟု စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်မှ ဆရီဆရီမိုဟာဒေဗ့်ဘာရီ(မဟာသီ၀)ဟိန္ဒူဘုရားရှိခိုးကျောင်းတော်ကြီးမှ အတွင်းရေးမှူး(ခေတ္တ) ဦးမောင်လှက နိရဥ္စရာအား ပြောသည်။
“ဒီပွဲကဘုရားလောင်းခေတ်ကတည်းက အရှင်ရာမကိုယ်တိုင် ဒီပွဲကို လုပ်ခဲ့တယ်။ မနှစ်က လော့ဒေါင်းတွေချထားရတော့ စည်စည်ကားကားမလုပ်ခဲ့၇ဘူး။ ဒါပေမဲ့ ဒီနှစ်လူအများကြီးလာလည်ကြလို့ဝမ်းသာပါတယ်” ဟုပြောသည်။
အဆိုပါပွဲကို ယခင် ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကြောင့် စည်ကားစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိ၇သည်။
ယခုနှစ်ကျင်းပနေသည့်အဆိုပါဘုရားပွဲ ၅ ရက်တာကာလအတွင်း နံနက်ပိုင်းတွင် ဘုရားရှိခိုးပူဇော်ပသကြပြီး မွန်းလွဲပိုင်းတွင် ဆွမ်းကပ်ခြင်းနှင့် ညနေပိုင်းတွင် ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ဗုံ၊ ဆိုင်းဝိုင်းအတီးအမှုတ်များဖြင့် ကခုန်ကာ ပျော်ရွှင်စွာ ကျင်းပနေခြင်းဖြစ်သည်ဟု သိ၇သည်။
စစ်တွေမြို့မှ ဟိန္ဒူအမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သန္တာမိုးက “ ဒီနေ့တွေမှာမှ မိုးမိုးတို့ ဟိန္ဒူအမျိုးသမီးတွေဟာ ဆာရီလေးတွေဝတ်ကြပြီး ပျော်ခွင့်ရတယ်။ သွားဖို့လာဖို့ အခွင့်အရေးလေးတစ်ခုရကြတဲ့ ပွဲလေးပါ။ ဒီပွဲကို ရခိုင်လည်းလာတယ်။ ဟိန္ဒူလည်းလာတယ်။ အကုန်လာတယ်ပေါ့နော်။ တခြားပွဲတွေကိုဆို ဒီဝတ်စုံနဲ့သွားရင် ကုလားမတွေလို့ အပြောခံကြ၇တယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် မောလိပ်ရပ်ကွက်နှင့် ကျောင်းတက်လမ်းရပ်ကွက်တို့တွင် ဟိန္ဒူဘုရားကျောင်း တစ်ကျောင်းစီရှိပြီး အဆိုပါဘုရားကျောင်းနှစ်ကျောင်းစလုံးတွင် ဘုရားပွဲကို စည်ကားစွာကျင်းပနေကြခြင်းဖြစ်သည်။
ဟိန္ဒူလူမျိုးများရှိသည့် မောင်တောအပါအဝင် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်အချို့တွင်လည်း ယခုဘုရားပွဲကို ကျင်းပလျက်ရှိသည်။
၇ခိုင်ပြည်နယ်တွင် စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ကျောက်ဖြူမြို့တို့တွင် ဟိန္ဒူလူမျိုး စုစုပေါင်း ၂ သောင်းခန့်ရှိသည်။
စစ်တွေမြို့နယ်တွင် လူဦးရေ ၃ ထောင်ခန့် နေထိုင်ကြပြီး အများစုမှာ ကျပန်းအလုပ်လုပ်ကိုင်ကြကြောင်း သိ၇သည်။

#ဘာသာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.