အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မင်းပြားကျိန်းတောင်ဘုရားကို သီတင်းကျွတ်လပြည့်မှစ၍ ဘုရားဖူးခွင့် ၃ရက်သာရရှိမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.6k

မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၁
စစ်တပ်က တပ်စွဲထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရားကို လာမည့်သီတင်းကျွတ်ကာလတွင် သီတင်းကျွတ်လပြည့်မှစ၍ (၃)ရက်ကြာ တက်ရောက်ဖူးမြော်ခွင့်ရရှိမည်ဟု သိရသည်။
အဆိုပါကျိန်းတောင်ဘုရားကို သီတင်းကျွတ်လပြည့်ဖြစ်သော အောက်တိုဘာလ ၂၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်ဖြစ်သော အောက်တိုဘာလ ၂၂ ရက်အထိ (၃)ရက်ကြာ အများပြည်သူများဘုရားဖူးခွင့်ရမည်ဟု မင်းပြားကျိန်းတောင်ဂေါပကဥက္ကဋ္ဌ ဦးညီလှမောင်က နိရဥ္စရာကိုပြောသည်။
“မင်းပြားတပ်နယ်ဗျူဟာမှူးကတဆင့် တိုင်းမှူးဆီကိုပါ တင်ပြလိုက်လို့ အခုလို ၃ ရက်ဖူးခွင့်ရမယ်လို့ မင်းပြားကျိန်းတောင်မှာ လုံခြုံရေးယူထားတဲ့တစ်ယောက်က ဒီနေ့မှာပြောတယ်” ဟုပြောသည်။
မင်းပြားကျိန်းတောင်ကို ယခုကဲ့သို့တက်ရောက်ဖူးမြော်ခွင့်ရရှိစေရန် မင်းပြားကျိန်းတောင်ဂေါပကအဖွဲ့အပါအဝင် မင်းပြားအုပ်ချုပ်ရေးအဖွဲ့၊ သံဃာနာယကအသင်း၊ စည်ပင်အဖွဲ့နှင့် အခြားလူမှုရေးအသင်းများက ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်တွင် အစည်းအဝေးတစ်ခုပြုလုပ်ကာ မင်းပြားတပ်နယ်ဗျူဟာမှူးထံသို့ သွားရောက်တောင်းဆိုခဲ့ရာ ပထမတွင် လပြည့်နေ့တစ်ရက်သာ တက်ရောက်ခွင့်ရရှိမည်ဟု အကြောင်းပြန်ခဲ့သည်။
ယင်းနောက် မင်းပြားတပ်နယ်ဗျူဟာမှူးက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ ဆက်လက်တင်ပြခဲ့ရာ ယခုကဲ့သို့ ၃ ရက်ကြာ ဖူးမြော်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
မင်းပြားလူငယ်အဖွဲ့အစည်းမှ ကိုမင်းသိန်းအောင်ကလည်း “မရောက်ဖူးတာတောင် အရမ်းကြာပြီ။ ဘုရားမဖူးရတာကြာပြီ။ ဘုရားတောင်ပေါ်ကနေလည်း မင်းပြားမြို့ကို မကြည့်ရတာကြာပြီ။ အခုလိုခွင့်ရတာ ဝမ်းသာပါတယ်။ အရင်ကလိုမျိုးလည်း နေ့တိုင်းဖူးခွင့်ရချင်တယ်” ဟု ပြောသည်။
ယင်းနေ့များတွင် ကျိန်းတောင်ဘုရားကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖူးခွင့်ရမည်ဖြစ်ပြီး ဆိုင်ကယ်များနှင့် ကားများကို တက်ရောက်ခွင့်ကန့်သတ်ထားမည်ဟု ဆိုသည်။
ခြေလျင်မတက်နိုင်သည့် သက်ကြီးရွယ်အိုများကိုမူ လူမှုရေးအသင်းများက ကားများဖြင့် အခမဲ့ပို့ဆောင်ပေးရန်စီစဉ်ထားသည်ဟုလည်း သိရသည်။
မင်းပြားကျိန်းတောင်ဘုရားအပါအဝင် ရခိုင်ပြည်နယ်ရှိ နာမည်ကြီး တန်ခိုးကြီး သမိုင်းဝင်ဘုရားများတွင် စစ်တပ်က ၂ဝ၁၉ ခုနှစ်အတွင်းမှစတင်ကာ လုံခြုံရေးယူထားသဖြင့် ဘုရားဖူးများ ဖူးမြော်ခွင့်မရရှိသည်မှာ တစ်နှစ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်၍ ပြန်လည်ကာ အေးချမ်းစွာ ဘုရားဖူးခွင့်ပေးရေး အများပြည်သူတို့က တောင်းဆိုနေကြသည်။

ဆက်စပ် သတင်းများ