သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဂွမှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦး ယနေ့ လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.9k

မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၁
စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်ဆန္ဒပြခဲ့၍ ထောင်ချခံထားရသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဝန်းရံခဲ့သူတစ်ဦးတို့သည် ယနေ့ညနေပိုင်းတွင် လွတ်မြောက်လာကြောင်း သိရသည်။
လွတ်လာသူများမှာ ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရ ဂွမြို့နယ် NLD ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ဂွမြို့ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလူနီနှင့် ဆန္ဒပြရာတွင်ဝန်းရံခဲ့သူ ကိုအောင်စိုးမိုးတို့ဖြစ်ကြသည်။
သူတို့သည် ယနေ့ အောက်တိုဘာလ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် သံတွဲထောင်သို့ သူတို့ကိုမပို့ဆောင်မီထားသည့် သံတွဲမြို့ရှိ Quarantine center တစ်ခုမှ ပြန်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလူနီက နိရဥ္စရာသို့ပြောသည်။
"မနက်ဖြန်ဆိုရင်တော့ Quarantine center ကနေ သံတွဲထောင်ကို သွားရတော့မှာပေါ့နော်။ ဒီနေ့ညနေ သုံးနာရီလောက်မှာ လွတ်လာတာပါ။ လွတ်တာတဲ့အတွက်တော့ တခြားပြောစရာတော့မရှိပါဘူး။ ဝမ်းသာပါတယ်"ဟု ပြောသည်။
လွတ်မြောက်လာသူများအနက် ဦးရဲခေါင်ညွန့်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့် ဘေးစီမံပုဒ်မအရ ထောင်ဒဏ် ၂ နှစ်နှင့် ၃ လ၊ ဦးလူနီကို ပုဒ်မ ၅၀၅ (ခ)အရ ထောင်ဒဏ် ၂ နှစ်နှင့် ကိုအောင်စိုးမိုးကို ဘေးစီမံပုဒ်မအရ ထောင်ဒဏ် ၅ လတို့အား ဂွမြို့နယ်တရားရုံးက စက်တင်ဘာလ ၂၇ ရက် နံနက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွတ်မြောက်လာသူတို့သည် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်း ဂွမြို့နယ်တွင် ဆန့်ကျင်ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေးမတည်ငြိမ်မှုများအတွင်း အကျဉ်းထောင် အချုပ်ထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/အကျဉ်း သူ (၁၃၁၆) ဦးနှင့် အကြမ်းဖက်မှုပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးတို့၏အမှုများကို နစက ကောင်စီက ယနေ့တွင် ပိတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီးနောက် ယခုကဲ့သို့ လွတ်မြောက်လာခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ