ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်အမျိုးစောင့်အဖွဲ့ (ARG)က အင်ဂျင်တပ်စက်ဘီးများထုတ်လုပ်ရန် စမ်းသပ်မှုများပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.3k

သဥ္ဇာနွယ်

နိရဥ္စရာ၊ အောက်တိုဘာ ၂၃/ ၂၀၂၁

စစ်တွေမြို့တွင် ခိုင်အမျိုးစောင့်အဖွဲ့ (ARG)က Made in Arakan တံဆိပ်ဖြင့် အင်ဂျင်တပ်စက်ဘီးများ ထုတ်လုပ်နိုင်ရန် စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

အဆိုပါ စက်ဘီးများကို စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်ရှိ ARG ရုံးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလခန့်မှစတင်ကာ စမ်းသပ်နေခြင်းဖြစ်ပြီး ကိုဗစ်အခြေအနေကြောင့် လက်ရှိတွင် ၁ စီးသာ ပြီးစီးနိုင်သေးသည်ဟု ARG ဥက္ကဋ္ဌ ဦးဘအေးက နိရဥ္စရာကိုပြောသည်။

ယခုစမ်းသပ်ထားရာတွင် အင်ဂျင်ပါဝါများနေသေးသည့်အတွက် အင်ဂျင်ပါဝါကိုလျှော့ရဦးမည်ဖြစ်ပြီး ထုတ်လုပ်မှုလိုင်စင်ကိစ္စကိုလည်း ဆောင်ရွက်ရဦးမည်ဟု ၎င်းက ဆိုသည်။

ဒီဟာက စက်တပ်ယာဉ်ဖြစ်တာကြောင့် လိုင်စင်ကိစ္စတွေရဖို့ခက်ခဲပါမယ်။ ပြီးတော့ အခု စမ်းသပ်ထားတာက အင်ဂျင်ပါဝါက များနေတယ်ဆိုတော့ အားနဲ့မောင်းလိုက်ရင် နည်းနည်း စိုးရိမ်ရတယ်။ အခုမှ စမ်းသပ်နေတုန်းဆိုတော့။ အင်ဂျင်ကို လျှော့မောင်းနိုင်မယ်ဆိုရင်တော့ ထုတ်လုပ် ရောင်းချနိုင်မဲ့ အနေအထားကို ရောက်ရှိလာနိုင်ပါတယ်ဟု ပြောသည်။

 အဆိုပါ စက်ဘီးများကို လူကြီး၊ လူငယ် မရွေးစီးနိုင်အောင် စီစဉ်မည်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်ထားသည့် တစ်စီးကို ကလေးငယ်များ အကြိုက်တွေ့နေကြသည်ဟု ဦးဘအေးက ဆက်ပြောသည်။

ရခိုင်ပြည်တွင် ယခုကဲ့သို့ စက်မှုလက်မှုပညာရှင်များ များလာပါက ရခိုင်ပြည်၏ စီးပွားရေး တစ်ထောင့်တစ်နေရာမှ တွင်ကျယ်လာမည်ဟု စစ်တွေမြို့ LINK 2 ASIA ဖိုက်ဘာစက်လှေငယ် ထုတ်လုပ်ရေးလုပ်ငန်း မန်နေဂျာ ကိုအောင်စောဌေးက ပြောသည်။

ရခိုင်မှာ ဒီလိုမျိုးစမ်းသပ်လုပ်နိုင်တာကောင်းပါတယ်။ ပညာရှင်တွေများလာလေ ပိုကောင်း လေပါပဲဟု ပြောသည်။

အဆိုပါစက်ဘီးများကို စျေးကွက်အတွင်း ရောင်းချလာနိုင်ပါက အားလုံးဝယ်ယူ အသုံးပြု နိုင်လောက်သည့် သင့်တင့်သောစျေးနှုန်းဖြင့် ရောင်းချသွားမည်ဟုလည်း သိရသည်။

မည်သည့်အချိန်စတင်ရောင်းချနိုင်မည်ဆိုသည်ကိုလည်း လောလောဆယ်ခန့်မှန်း၍ မရနိုင်သေးဟု ARG ဥက္ကဋ္ဌ ဦးဘအေးက ပြောသည်။

ဆက်စပ် သတင်းများ