ရခိုင်မှကဏန်း တင်ပို့မည့်စျေးကွက်မရှိ၍ လုပ်ငန်းပျက်စီးမည့်အခြေအနေနှင့် ရင်ဆိုင်နေရ


သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ / ၂၀၂၁

ရခိုင်မှ ဝင်ငွေကောင်းသော စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည့် ကဏန်းလုပ်ငန်းမှာ တင်ပို့ရောင်းချမည့် နိုင်ငံတကာ စျေးကွက်မရှိသဖြင့် များမကြာမီ ပျက်စီးသွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း သတင်းရရှိသည်။

ယခင်က ရခိုင်ကဏန်းကို တရုတ်ပြည်သို့ ကုန်ကားကြီးများဖြင့် မန္တလေး- မူဆယင် လမ်းကြောင်းမှ တင်ပို့နိုင်ခဲ့၍ ဝင်ငွေကောင်းခဲ့သော်လည်း လက်ရှိအချိန်တွင် မတင်ပို့နိုင်သည်မှာ နှစ်နှင့်ချီ၍ ကြာနေသဖြင့် ကဏန်းလုပ်ငန်းမှာ များစွာထိခိုက်မှုရှိနေသည်ဟု ကေသီဦးကားဂိတ် ကုန်စည် ပို့ဆောင်ရေး မန်နေဂျာ ဦးမောင်ဝင်းရွှေက နိရဥ္စရာကိုပြောသည်။

အရင်ကဆို ရခိုင်ကနေ တရုတ်နယ်စပ်ကို တိုက်ရိုက် ပို့လို့ရတယ်။  အခုဆို ပို့လို့တော့ မရတော့ ရန်ကုန်ကို တစ်ဆင့်ပို့ရတယ်။ ရန်ကုန်ကနေတစ်ဆင့် တရုတ်ကို လေယာဉ်နဲ့ပို့ရတယ်။ လေယာဉ်ခ စျေးကြီးသလို အဆင့်ဆင့် ပို့ရတော့ ပို့ဆောင်စရိတ်က များပြီး တွက်ခြေမကိုက်ဖြစ်နေတယ်။ အခုက ဒီလောက် ဝင်ငွေကောင်းတဲ့ လုပ်ငန်း တစ်ခု စျေးကွက်မရှိတော့  ပျက်စီးသွားတော့မယ့် အနေအထားနဲ့ ရင်ဆိုင်နေရတယ်ဟု ပြောသည်။

ယခုကဲ့သို့ ပြည်နယ် တစ်ခု၏ အဓိက ဝင်ငွေကောင်းပြီး နိုင်ငံခြား ဝင်ငွေကို ရှာဖွေပေးနေသော ရခိုင်ကဏန်း လုပ်ငန်း ပျက်စီးမည့် အနေအထားဖြင့် ရင်ဆိုင်နေရသော်လည်း မည်သည့် အစိုးရ တာဝန်ရှိသူတစ်ဦးမှ မေးမြန်းခြင်း၊ စုံစမ်းခြင်း၊ ဝင်ရောက်ဖြေရှင်းပေးခြင်း မရှိဟု ဆိုသည်။

ကျွန်တော်တို့ ရခိုင်က စီးပွားရေးသမားတွေ၊ အထူးသဖြင့် ရေလုပ်ငန်း လုပ်ကိုင်နေသူတွေက မိဖမရှိတဲ့ သားသမီးလို ဖြစ်နေပါတယ်။ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိ ဖြစ်နေပါတယ်။ ဘယ်သူကမှ တာဝန်ယူ ဖြေရှင်းပေးတာမျိုးမရှိဘူး။ ဒီကဏန်းလုပ်ငန်းက ဟို အောက်ခြေ ကျေးလက်တောရွာ လူတန်းစားအထိ ဝင်ငွေရနေတဲ့ လုပ်ငန်း ဖြစ်တယ်။ အခုက ကဏန်းလုပ်ငန်း အခြေအနေမကောင်းတော့ လုပ်ငန်းရှင်တွေရော၊ အလုပ်သမားတွေရော၊ ရွာတွေက ကဏန်းရှာဖွေပြီး လုပ်ကိုင်စားသောက်နေသူတွေရော အကုန်လုံး ဒုက္ခဖြစ်နေကြရတယ်  ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယခင်က ကဏန်း တစ်ကီလိုကို ယခင်က ကျပ် ထောင်နီးပါးရှိခဲ့သော်လည်း  တစ်ဖြည်းဖြည်း စျေးကျလာရာ ယခုအခါတွင် ထောင်ခန့်သာစျေးရှိတော့ကြောင်း၊ သို့သော် ဝယ်ယူမည့် ကဏန်းဒိုင်များ မရှိသလောက်နည်းပါး၍ တစ်ပိုင် တစ်နိုင်  ကဏန်းရှာဖွေ ရောင်းချသည့် ကျေးလက်နေ ပြည်သူများအတွက် ရောင်းချရန် နေရာမရှိဖြစ်လာရာမှ စားဝတ်နေရေး ခက်ခဲလာကြောင်း  ဦးမောင်ဝင်းရွှေက ဆက်ပြောသည်။

ရခိုင်ဒေသ၏ ဝင်ငွေကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်သောကဏန်းလုပ်ငန်းကို ကိုဗစ် ပထမလှိုင်းဖြစ်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လခန့်မှစတင်ကာ တရုတ်ပြည်သို့ ကားလမ်းမှ တင်ပို့နိုင်မှုမရှိခဲ့ဟု သိရသည်။

သို့အတွက် ရန်ကုန်သို့သာ လေယာဉ်ဖြင့်တင်ပို့ရောင်းချနေကြရသည်ဟုဆိုသည်။ ထိုသို့ တင်ပို့ရာတွင်လည်း ကဏန်းဝယ်ယူသည့် ကုမ္ပဏီများ၏ ဝယ်လိုအားနည်းပါးခြင်း၊ အချိန်ကြန့်ကြာ၍ အသေအပျောက်ရှိခြင်း၊ တင်ပို့ခစရိတ်ကြီးမှုကြောင့် လုပ်ကိုင် စားသောက်ရန် မလွယ်ကူ ဖြစ်နေသည်ဟု  ပေါက်တောမြို့ ရပ်ကွက်()မှ ကဏန်းဒိုင်ပိုင်ရှင် ဦးခိုင်ကျော်လှက ပြောသည်။
ရန်ကုန်ကလည်း လိုအပ်တဲ့အချိန်မှ သူက မှာတာဆိုတော့ အရောင်းအဝယ်တွေကျတယ်။ ပို့ခတွေကလည်း စျေးများတော့လေ။ အလုပ်မဖြစ်တော့ဘူးဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးပြီးလျှင် ရေလုပ်ငန်းကို အဓိက အားထားရသော ပြည်နယ် တစ်ခု ဖြစ်သော်လည်း ရေထွက်ပစ္စည်းများ ဖြစ်ကြသည့် ငါး၊ ပုစွန်၊ ကဏန်းများ တင်ပို့ရန် စျေးကွက် သတ်သတ်မှတ်မှတ်မရှိခြင်း၊ ရရှိလာသော သားငါး ပုဇွန်များကို ကြုံသလို ရန်ကုန် စျေးကွက်သို့ ပို့ဆောင်နေရခြင်းတို့ကြောင့် နစ်နာမှုများ များစွာရှိနေသည်ဟု ဆိုသည်။

 

Share: