ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် အောက်တိုဘာလအတွင်းအထောက်အထားမဲ့ခရီးသွားလာသူ မူဆလင် ၁၇ဝနီးပါးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.5k

ချစ်အိလှိုင်

နိရဥ္စရာ၊ အောက်တိုဘာ ၂၇/ ၂ဝ၂၁

ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ ၈ ရက်နေ့မှ ၂၆ နေ့အတွင်း အထောက်အထားမဲ့သွားလာသူ မူဆလင်များနှင့် လူမှောင်ခိုသမား စုစုပေါင်း ၁၆၅ ဦး ဖမ်းဆီးရခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့၏ သတင်းများအရ သိရှိသည်။

ဖမ်းဆီးရမိသူများမှာ အောက်တိုဘာ ၈ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဗလိပေါက်ချောင်းရွာအနီး ကုလားတန်မြစ် အတွင်း စက်လှေတစ်စီးမှ ၃၅ ဦး၊ အောက်တိုဘာ ၂၁ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ရွာအနီး ကုလားတန်မြစ် အတွင်း စက်လှေတစ်စီးမှ ၄၅ ဦးနှင့် ဂွမြို့နယ် ငါးသိုင်းချောင်းကားလမ်းပေါ် ကုန်တင်ကားတစ်စီးပေါ်မှ ၅၂ ဦးနှင့် ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်က သံတွဲမြို့နယ် ကြာညိုကျေးရွာ အုပ်စုအတွင်း မူဆလင် ၁၇ ဦး၊ စုစုပေါင်း ၁၄၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းပြင် အောက်တိုဘာ ၂၄ ရက်နေ့ကလည်း မောင်တောမြို့နယ်တွင် တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများမှ တရားမဝင် ဝင်ရောက်လာသူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီး ၃ ဦးနှင့် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကူတူပါလောင်နဲ့ နာယာပါရာ ဒုက္ခသည် စခန်းက နေ မောင်တောမြို့နယ်ထဲကို ခြံစည်းရိုးကို ကျော်ဖြတ်ပြီး တရားမဝင် ဝင်ရောက်လာသည့် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ၁၃ ဦးဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၂၆ ရက်နေ့က သံတွဲတွင် ဖမ်းဆီးရမိသည့် မူဆလင်များကို ၄င်းကြာညိုကျေးရွာအပိုင် ကျောက်ကြီး နယ်မြေခံရဲကင်းစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လဝကသို့ အပ်နှံ၍ ကျောက်ကြီးနယ်မြေခံ ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်နေကြောင်း သံတွဲ ခရိုင်အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးလှဟန်က နိရဥ္စရာအားပြောသည်။

ပို့တာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဖက်ကနေပို့တယ်။ ကျွန်တော်တို့ မြို့နယ်ထဲမှာ ခေတ္တခဏ ခိုအောင်း တယ်ပေါ့နော်။ အဲဒီတော့မှ တဆင့်ရန်ကုန်ကိုပို့ပေးတယ်။ ရန်ကုန်ကမှတဆင့် သူတို့ အဆင်ပြေတဲ့ နေရာကို ပို့ပေးတယ်ပေါ့နော်။ အဲလိုသိရတယ်ဟု ပြောသည်။

၄င်းတို့မှာ ရန်ကုန်နှင့် တစ်ခြားမြို့နယ်များမှတဆင့် မလေးရှားအပါအဝင် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် လူမှောင်ခိုကူးသူများအကူအညီဖြင့် ထွက်ခွာရာတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

သံတွဲရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်စိုးအား မေးမြန်းရာယမန်နေ့က  ဖမ်းဆီးရမိသည့်ကိစ္စမှာ ဟုတ်မှန်သော်လည်း နယ်မြေမှာ ကျောက်ကြီးရဲစခန်းအပိုင်ဖြစ်သဖြင့် ၄င်းတို့အနေဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်နေခြင်းမရှိကြောင်း ပြောသည်။

သို့ရာတွင် ဖမ်းဆီးရမိသူများအား ကျောက်ကြီးနယ်မြေခံ ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်သူရနှင့် ပြည်နယ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းတို့အား အဆိုပါဖမ်းဆီးရမိသူများအား မည်သို့လုပ်ဆောင်မည်နှင့် ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိသေးပါ။

ရခိုင်တွင် နှစ်စဉ်တိုင်း၌ အလားတူ တရားမဝင် နယ်စပ်ဖြတ်ကျော်သူများနှင့် လူမှောင်ခိုကူးသူများ၏ အကူအညီဖြင့် ပြည်မဖက်သို့ ထွက်ခွာသူများရံဖန်ရံခါ ဖမ်းဆီးရမိလျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ