သဉ္စာနွယ်
နိရဉ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၁
ရခိုင်ပြည်နယ်ရှိ အခြေခံပညာသင်ကျောင်းများ (ထက်၊လယ်၊မူ) ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် စာသင်ကျောင်းများကိုဥပတိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်းများ သန့်ရှင်းရေး၊ ဆရာ ဆရာမများကျောင်းတွင် ရောက်ရှိရေးတို့အတွက် ညွှန်ကြားထားပြီဖြစ်ကြောင်း သတင်းရရှိသည်။
၇သေ့တောင်မြို့နယ် ပညာရေးမှူးဦးထွန်းရွှေက အောက်တိုဘာ ၂၇ ရက်နေ့စွဲဖြင့် မြို့နယ်အတွင်းရှိ ထက်၊လယ်၊ မူကျောင်းအုပ်ဆရာကြီးများသို့ ညွှန်ကြားစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ရာတွင် ထိုသို့ ဖော်ပြထားသည်။
၎င်းထုတ်ပြန်စာတွင် ကျောင်းများ မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ပါ၍ အခြေ ခံပညာရေးကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး၊ကျောင်းစာသင်ခန်းများသန့်ရှင်း သာယာရေး၊ ဆရာ/ဆရာမများ မိမိကျောင်းတွင် အဆင်သင့်ရောက်ရှိစေရေး၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ စီမံကြီးကြပ် ကြရန်နှင့် ပျက်ကွက်မှုတစ်စုံတစ်ရာ မရှိစေရေး အလေးထားဆောင်ရွက်ကြရန်ဟု ပါရှိသည်။
အဆိုပါ ကျောင်းများများမကြာမီဖွင့်လှစ်ရေးနှင့်ပတ်သက်ပြီး ကျာက် ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာကကျောင်းဖွင့်ရေးနှင့် ပတ်သက်ပြီး အထက်က ညွှန်ကြားစာ ထုတ်ထားသည်ဟု ပြောဆိုသည်။
"ကျမတို့ကို ကျောင်းဖွင့်ဖို့တော့အထက်ကတော့ စာထုတ်ထားတာရှိပါတယ်။ ကျောင်းတွေကို သန့်ရှင်းရေးတွေနဲ့ကြိုတင်ပြင်ဆင်တာတွေလုပ်ထားတာမျိုးရှိပါတယ်။ကျောင်းဖွင့်ရင် ကိုဗစ်စည်းကမ်းနဲ့ အညီ ဖွင့်ဖြစ်မယ်ထင်ပါတယ်။ ဒီရောဂါကတစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တာဆိုတော့"ဟုပြောသည်။
ယခုကဲ့သို့ မြို့နယ် တိုင်းတွင်ပညာရေးဝန်ထမ်းများအတွက် ညွှန်ကြားချက်များထွက်လာပြီဖြစ်သဖြင့်ဆရာ၊ ဆရာမများမှာ တာဝန်ထမ်းဆောင်မည့်ကျောင်းအသီးသီးသို့ထက်ခွာရန် ပြင်ဆင်နေကြပြီဟု သိ၇သည်။
ပုဏ္ဏားကျွန်းမြို့နယ်ကျောက်ပြင်ဆိပ် လ(ခွဲ)ကျောင်းမှဆရာမဒေါ်ခင်ချိုဝင်းက "ကျောင်းတက်ဖို့ တော့ ညွှန်ကြားချက်တွေရောက်နေပါတယ်။ကျောင်းတွေကို သန့်ရှင်းဖို့၊ သပ်သပ်ရပ်ရပ် ဥပတိ ကောင်းအောင် လုပ်ထားဖို့။ များမကြာမီကျောင်းဖွင့်နိုင်တဲ့ အနေအထားရှိတယ်ဆိုပြီး မြို့နယ် ပညာရေးမှူးရုံးက ညွှန်ကြားထားတာတော့ရောက်နေပါပြီ”ဟု ပြောကြားသည်။
မြန်မာတစ်နိုင်လုံးရှိအခြေ ခံပညာကျောင်းများကို ကိုဗစ်ကပ်ရောဂါကြောင့် ဇူလှိုင်လ ၉ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၃၁ ရက်နေ့ အထိ ယာယီပိတ်ထားသည်ဟုသိ၇သည်။