အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရခိုင်တွင်ကပြနေသည့် ဇာတ်သဘင်များကို လိုအပ်သလို စိစစ်တော့မည်ဟု ပြည်နယ်ကောင်စီဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၆ /၂၀၂၁
ရခိုင်ပြည်နယ်တွင် ကပြဖြေဖျော်နေကြသည့် ဇာတ်သဘင်များကို လိုအပ်သလို စိစစ်တော့မည်ဟု ပြည်နယ်ကောင်စီက ဆုံးဖြတ်လိုက်သည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဇာတ်သဘင်အဖွဲ့ခေါင်းဆောင်များအားခေါ်ယူ၍ ခွင့်ပြုချက်ရယူရေးအပါအဝင် ကိုဗစ်-၁၉ စည်းကမ်းချက်များအားလိုက်နာရေး ဝန်ခံလက်မှတ်ရေးထိုးဆောင်ရွက်သွားရန်နှင့် လိုအပ်သလို စိစစ်ဆောင်ရွက်သွားရန် ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့က ပြည်နယ်ကောင်စီရုံး၌ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဝန်ကြီးများပုံမှန်ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက “ဇာတ်ကနေတာတွေက သူ့ဥပဒေမှာပါတဲ့အတိုင်း ပွဲမိန့်မယူဘဲ ကတယ်လို့ကြားရတဲ့အတွက်ကြောင့် ပွဲမိန့်ယူခိုင်းတာ။ ပွဲမိန့်မယူတဲ့ကိစ္စကို ကျနော်တို့ကခေါ်ပြီးတော့ ပွဲမိန့်မပါရင် မကရဘူးပေါ့။ ပွဲမိန့်မှာတော့ ကိုဗစ်စည်းကမ်းနဲ့အညီ လိုက်နာဖို့၊ ဘာတွေကို ပြောမယ်ပေါ့”ဟု ပြောသည်။
ပွဲမိန့်မယူဘဲကပြပါက သက်ဆိုင်ရာ မြို့နယ်ထွေအုပ်က အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် ကပြနေကြသည့် ဇာတ်သဘင်များမှာ စိန်ရွှေရတနာဇာတ်သဘင်အပါအဝင် မင်းပြားမြို့နယ် သဲတန်းရွာမှ အာရက္ခမဏ္ဍိုင် ရခိုင်ရိုးရာယဉ်ကျေးမှု အနုပညာသဘင်၊ အမ်းမြို့နယ်မှ ရိုးမရင်သွီး ရက္ခိတ ဇာတ်မြူးသဘင်၊ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာသစ်ကျေးရွာမှ ခိုင်ပြည်ဟိန်း ရက္ခိတသဘင်၊ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ရိုးမသဇင် သုခုမသဘင် အဆင့်မြင် အနုပညာသဘင်၊ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်မှ ရွှေရတနာစံ ရက္ခိတ သုခုမသဘင်၊ ကျောက်တော်မြို့မှ အာရကန် မိုးချစ် အနုပညာယဉ်ကျေးမှုသဘင်နှင့် စစ်တွေမြို့နယ် ငတောက်တက်ရွာမှ ပြည်ချစ်လင်း အနုအလှ သုခုမသဘင်တို့ဖြစ်သည်။
အာရကန်မိုးချစ် အနုပညာယဉ်ကျေးမှုသဘင်မှ ဇာတ်ပိုင်ရှင်ဦးလှမောင်ထွန်းက “ကျနော်တို့က ဇာတ်သဘင်အစည်းရုံးကို ခွင့်ပြုချက်တင်ပြီးမှ ကတာပါ။ တကယ်လို့ အစိုးရဘက်ကလုပ်တယ်ဆိုလည်း တာဝန်အရ သူတို့လုပ်တယ်လို့ထင်ပါတယ်”ဟု ပြောသည်။
ရခိုင်ရှိ ဇာတ်သဘင်အဖွဲ့များကို အစိုးရဘက်က တင်းတင်းကျပ်ကျပ်လုပ်လာပါက ဇာတ်ပိုင်ရှင်များတွင် အခက်ခဲရှိလာနိုင်သည်ဟုလည်း ရိုးမသဇင်(သုခုမရင်ခွင်)ဇာတ်ပိုင်ရှင် ဦးဦးကျော်ညွန့်က နိရဥ္စရာကို ပြောသည်။
“ကျနော်တို့အနေနဲ့ သူတို့ဘက်ကလုပ်ရင်လည်း ခံရမှာပဲ။ အခွန်ဆောင်ရရင် ကျနော်တို့အနေနဲ့ အခက်ခဲရှိလာနိုင်တယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ကပြနေကြသည့်ဇာတ်သဘင်များကို တိုက်ပွဲနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ၃ နှစ်ခန့်ရပ်နားခဲ့ကြရသည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်၌ တိုက်ပွဲများဖြစ်ပွားမှု မရှိတော့သလို ကိုဗစ်ဖြစ်ပွားမှုလည်း လျော့ကျလာနေပြီဖြစ်သည့်အတွက် မှ ယခုနှစ် သီတင်းကျွတ်လမှစတင်ကာ မြို့နယ်အသီးသီးတွင် ပြန်လည်ကပြဖြေဖျော်နေကြခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ