သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် NLD အစိုးရလက်ထက်က ဖျက်သိမ်းခဲ့သည့် လမ်းတံတားများအသုံးပြုခပြန်ကောက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၈ / ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် NLD အစိုးရလက်ထက်ကဖျက်သိမ်းထားခဲ့သည့် လမ်းတံတားအသုံးပြုခများကို ဂိတ်များဖွင့်ကာ ပြန်ကောက်ခံရန် နစကကောင်စီကစီစဉ်နေကြောင်း သတင်းရရှိသည်။
ယင်းသို့ကောက်ခံပါက ပြည်သူများအတွက် အခက်အခဲဖြစ်လာနိုင်သည်ဟု လမ်းတံတားအသုံးပြုသူများက ပြောသည်။
“အခုလိုပြန်ကောက်တော့ စရိတ်တွေတက်သွားမှာပေါ့။ လမ်းစရိတ်တွေ တက်သွားမယ်။ အစစအရာရာ ဆီစျေးတွေတက်နေချိန်မှာ လမ်းစရိတ်တွေလည်း တက်သွားမှာပေါ့”ဟု စစ်တွေအဝေးပြေးကားဂိတ်မှ ရွှေလမင်းကားဂိတ်မှူး ကိုထွန်းထွန်းက ပြောသည်။
ရခိုင်ရှိ လမ်းတံတားအများအပြားအတွက် အသုံးပြုခများကို ကောက်ခံနိုင်ရန် ယခုလ နိုဝင်ဘာလပထမပတ်ကို ပညာပေးကာလအဖြစ်သတ်မှတ်ကာ နိုဝင်ဘာ ဒုတိယပတ်အတွင်း စတင်ကောက်ခံသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက ကြေညာထားသည်။
ယင်းသို့ကောက်ခံရာတွင် သုံးဘီးဆိုင်ကယ်မှစ၍ ၂၂ ဘီးတွဲကား ဝင်ရိုး(၆)ခုပါ ကုန်တင်ကားကြီးများအထိ အနည်းဆုံး ကျပ် ၁ဝဝ မှ အများဆုံး ကျပ် ၁ သောင်း ၁ ထောင်အထိ ကောက်ခံသွားမည်ဟုဆိုသည်။
သံတွဲမြို့နယ် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီ (မထသ)ဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က “အစပိုင်းလေးမှာတော့ ကျေးရွာသမားတွေမှာ နည်းနည်း ပြဿနာတက်နိုင်တယ်။ ကျေးရွာက မြို့တက်လာတယ်။ အဲဒီမှာ ပြဿနာတက်တော့မယ်။ ကျနော်တို့ဖြစ်စေချင်တာကတော့ မြို့နယ်တွင်းတော့ Free ဖြစ်သင့်တာပေါ့နော်။ ကျေးရွာသမားလေးတွေ ဒုက္ခရောက်မယ်”ဟု ပြောသည်။
ယခုကောက်ခံမည့်လမ်းတံတားများတွင် မြောက်ဦးခရိုင်ရှိ မကြာသေးမီက အသစ်တည်ဆောက်ပြီးစီးထားသော မင်းပြား ရာမောင်တံတား၊ စစ်တွေခရိုင်ရှိ မင်းချောင်းတံတားနှင့် ကျောက်တန်းတံတားတို့လည်း ပါဝင်သည်။
စစ်တွေမြို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီ (မထသ)ဥက္ကဋ္ဌ ဦးချမ်းအေးက “ဖြစ်နိုင်ရင်တော့ အရင်ကလို Free ပေးရင်တော့ ကောင်းတာပေါ့ဗျာ”ဟု ပြောသည်။
ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ရခိုင်ရှိ လမ်းတံတားအားလုံးကိုကောက်ခံမည်မဟုတ်ဘဲ ယခင် NLD အစိုးရမတိုင်မီက ကောက်ခံခဲ့သည့်လမ်းတံတားများအနက် အများစုပါဝင်သည်ဟု နိရဥ္စရာကိုပြောသည်။
“အရင်ကောက်ခဲ့တဲ့တံတားတွေထဲက တချို့ပါမယ်။ အားလုံးတော့ မပါဘူး။
ဒါကတော့ နိုင်ငံတော်က အခွန်အခအတွက်ကောက်တာကိုး။ ငါတို့က ပြည်နယ်က ကောက်တာမဟုတ်ဘူး။ နိုင်ငံတော်က ကောက်တာ”ဟု နိရဥ္စရာကို ပြောသည်။
မြို့ဝင်ကြေးများအပါအဝင် လမ်းတံတားအသုံးပြုခကောက်ခံခဲ့သည့် ရခိုင်အပါအဝင် နိုင်ငံတဝန်းရှိ ဂိတ်ပေါင်း ၃ဝဝ ကျော်ကို ပြီးခဲ့သည့် NLD အစိုးရလက်ထက်ဖြစ်သည့် ၂ဝ၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်တွင် တရားဝင် ဖျက်သိမ်းခဲ့ပြီးနောက် ယခု နစကကောင်စီလက်ထက်တွင် ပြန်လည်ကောက်ခံရန်စီစဉ်ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ