ထက်အောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၂/ ၂၀၂၁
အကြမ်းဖက်ပုဒ်မများနှင့်တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသား (၅) ဦးအမှုတွင် တရားလိုပြသက်သေ မရောက်သည်မှာ ၆ လခန့်ရှိနေပြီဖြစ်သလို ၎င်းတရားလိုပြသက်သေအား ရောက်ရှိရာမြို့နယ်တွင် ကော်မရှင်နာစစ်ပေးရန် စာပို့ထားသော်လည်း ၆ လခန့်ကြာသည့်တိုင်အောင် စစ်ဆေးမှုမရှိသဖြင့် အမှုကို ဆုံးဖြတ်ချက် မချနိုင်ဘဲ ကြန့်ကြာမှုများ ရှိနေကြောင်း သတင်းရရှိသည်။
ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအား ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင်စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးရာတွင် ကော်မရှင်နာစစ်ဆေးချက်မရောက်သေးသော်လည်း တရားရုံးက အမှုကို ဆက်သွားမည်ဟု အမိန့်ချခဲ့သည့်အတွက် ဒီဇင်ဘာလ၆ ရက်သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့်တရားလွှတ်တော်ရှေ့ နေဦးကျော်ညွန့်မောင်က ပြောသည်။
“ဗိုလ်မှူးမင်းချစ်မွန်က မိုင်းဆက်ကို ပြောင်းသွားတဲ့အတွက် အဲဒီကို ကော်မရှင်နာ စစ်ပေးဖို့စာပို့ထားတာ။ အဲဒါက ၆ လလောက်ကြာပြီ။ ကော်မရှင်နာ စစ်ချက်ကမဝင်သေးဘူး။ ဒါကြောင့်အမှုက ဆက်သွားလို့မရဘူးဖြစ်နေ့တော့ တရားရုံးက အမှုကိုဆက်သွားဖို့ အမိန့်ချတာ”ဟု ပြောသည်။
ကော်မရှင်နာစစ်ဆေးခြင်းဆိုသည်မှာ တရားရုံးကို လူမလာနိုင်သည့်အခါ သူရောက်ရှိနေသည့် မြို့နယ်တွင် တရားသူကြီးကိုစစ်တွေခရိုင်တရားသူကြီးကိုယ်စား စစ်ဆေးပေးရန်အတွက် စာပို့ခြင်းဖြစ်ကြောင်းရှေ့နေဦးကျော်ညွှန့်မောင်က ရှင်းပြသည်။
ကျောက်ဆိပ်ရွာသားများအမှုတွင်တရားလိုပြသက်သေများအဖြစ် အမှုစစ်ရဲအရာရှိနှင့် ရှမ်းပြည် ဘက်သို့ ပြောင်းသွားသည့် ဗိုလ်မှူးမင်းချစ်မွန်တို့ နှစ်ဦးသာ စစ်ဆေးရန် ကျန်ပြီဖြစ်ကြောင်း သိ၇သည်။
အမှုကြန့်ကြာနေသည့်အတွက်တရားရင်ဆိုင်နေရသူများတွင် အချိန်အားဖြင့် နစ်နာမှုများရှိကြောင်းဦးကျော်ညွန့်မောင်က ပြောသည်။
ကျောက်ဆိပ်အမှုတွင်ပါဝင်သူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ မျိုးလှိုင်ဦး (ခေါ်) မျိုးလင်းဦး (၂၄)နှစ် ၊ ကိုမောင်ချေ(၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နှင့် ကိုကျော်ဝင်းဟိန်း (၂၂)နှစ် တို့ ဖြစ်သည်။ သူတို့၅ ဦး အပါအဝင် ကျောက်ဆိပ်ရွာမှ လူပေါင်း ၃၈ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၁၉ ရက်နေ့တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့၇ခြင်းဖြစ်သည်။
နောက်တစ်နေ့တွင်ရွာသား ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း သူတို့ ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းကတရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်း၍ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်သည်။
သူတို့တရားရင်ဆိုင်နေ၇သည်မှာယနေ့အထိ တစ်နှစ်နှင့်ခြောက်လတိတိကြာမြင့်လာပြီ ဖြစ်ကြောင်းလည်းသိ၇သည်။
ရခိုင်တွင်အကြမ်းဖက်ပုဒ်မများဖြင့်တရားစွဲခံနေရသူများကို နစကကောင်စီကအမှုပိတ်သိမ်းခြင်းနှင့် အမှုရုပ်သိမ်းခြင်းများပြုလုပ်ကာပြန်လွှတ်ပေးမှုရှိနေပြီး ကျောက်ဆိပ်ရွာသား ၅ ဦးကိုလည်း ပြန်လွှတ်ပေးရန်မိသားစုဝင်များက တောင်းဆိုနေကြသည်။