ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ အယူခံ ပယ်ချခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၂/ ၂ဝ၂၁
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအတွက် အယူခံကို စစ်တွေခရိုင်တရားရုံးက ယနေ့တွင် ပယ်ချလိုက်ကြောင်း သိရသည်။
ဦးညီပုကို ချမှတ်ထားသည့်ထောင်ဒဏ်နှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိ၍ ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက်တွင် စစ်တွေခရိုင်တရားရုံး၌ အယူခံအမှုအမှတ် ၃/၂ဝ၂၁ ဖြင့် အယူခံဝင်ခဲ့ရာ အကြောင်းပြချက်မရှိ ပယ်ချခံလိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးသူ သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးအောင်မြတ်ကျော်က နိရဥ္စရာအားပြောသည်။
“ဒီနေ့မှာ သူ့အတွက် သီးသန့်အယူခံတက်တာပါ။ အကြောင်းပြချက်မရှိ ပလပ်လိုက်တာပါ” ဟုပြောသည်။
စစ်တွေခရိုင်တရားရုံးက ပယ်ချလိုက်သော်လည်း ပြည်နယ်တရားလွှတ်တော်သို့ ဆက်လက်အယူခံလွှာတင်သွားဦးမည်ဟု ရှေ့နေက ပြောသည်။
ဦးညီပုကို လွန်ခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဦးညီပုကို စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ(၁) ရက်က နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ပြီး ပြန်လွတ်လာပြီးနောက် ၎င်း၏ ဖေ့စ်ဘုတ်လူမှုစာမျက်နှာတွင် ပြည်သူသို့ပြန်ကြားချက်ဆိုသည့် မိန့်ခွန်းရုပ်သံကိုတင်ခဲ့သည့်အတွက် ဖေဖော်ဝါရီ(၁ဝ) ရက်တွင် စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့က ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဖမ်းဆီးခံထားရစဉ်မှာပင် နောက်ထပ် NLD အစိုးရလက်ထက်က ဝန်ကြီးဟောင်း ၄ ဦးနှှင့်အတူ ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံကြားသောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှု စွပ်စွဲချက်ဖြင့် ဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပုဒ်မ ၅၅ ဖြင့် ထပ်မံတရားစွဲခံခဲ့ရပြန်သည်။
ဦးညီပုအပါအဝင်ဝန်ကြီးဟောင်းများကို စွဲဆိုထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ သည် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဆက်စပ် သတင်းများ