မောင်တောတွင် မနက်ပိုင်းကပြတ်တောက်သွားသည့် MPT အင်တာနက်လိုင်း ညနေပိုင်း ပြန်ရ


သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၃ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့နံနက်ကပြတ်တောက်သွားသည့် MPT အင်တာနက်လိုင်း ညနေပိုင်းတွင် ပြန်ရနေပြီဟု သိရသည်။
မောင်တောမြို့နယ်အတွင်း ယနေ့ နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီခန့်က MPT အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
မောင်တောဒေသခံ လူငယ်တစ်ဦးက “မနက်ကတော့ နည်းနည်းပြတ်တောက်သွားပါတယ်။ ညနေပိုင်းမှာတော့ ပြန်ရနေပါပြီ။ အခုဂိမ်းတောင် နှစ်ပွဲကစားပြီးပြီ”ဟုပြောသည်။
မောင်တောမြို့နယ်ရှိ အချို့နေရာများတွင် MYTEL ဖြင့်အင်တာနက်အသုံးပြုလို့ရသော်လည်း MPT အင်တာနက်လိုင်းမှာ မကြာခဏ လိုင်းပြတ်တောက်မှုများဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးမောင်အုန်းကမူ ယနေ့နံနက်က အင်တာနက်လိုင်း ပြတ်တောက်သွားသည်ကိုသတိမထားမိသော်လည်း MPT ဖုန်းလိုင်းများပြတ်တောက်သွားခဲ့သည်ဟု ပြောသည်။
“ဒီမှာက MPT က မကြာမကြာ ပြတ်တောက်နေတာပါပဲ။မနက်ကလည်း မြောက်ဦးကို MPT နဲ့ဆက်တာ လုံးဝမရလို့ တခြားလိုင်းတစ်ခုနဲ့ ဆက်လိုက်ရတယ်။ အခုညနေပိုင်းမှာတော့ ဖုန်းလိုင်းတော့ရနေပြီ”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး MPT ဆက်သွယ်ရေးအော်ပရေတာကို ဆက်သွယ်မေးမြန်းရာ မောင်တောမြို့နယ်အတွင်း လိုင်းပြုပြင်ဆောင်ရွက်ခြင်းများမရှိဘဲ ပုံမှန်အခြေအနေအတိုင်းသာရှိသည်ဟု ပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နှင့် ၁ဝ ရက်တို့က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့ မိနစ်ပိုင်းမျှတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အင်တာနက်ပြတ်တောက်မှုများရှိခဲ့သည်ဟု သိရသည်။

Share: