သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၄/ ၂၀၂၁
ကိုဗစ်ပိုးတွေ့ရှိသူ အရေအတွက်တစ်နေ့ထက် တစ်နေ့ ကျဆင်းလာနေသော ၇ခိုင်ပြည်နယ်၊ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများကိုဒီဇင်ဘာလတွင် ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး အတွက် မျှော်လင့်နေသည်ဟုဂွမြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်က နိရဥ္စရာကိုပြောသည်။
“ကျန်းမာရေးသတ်မှတ်ချက်အ၇ကျန်ခဲ့တဲ့ကာလ ၂၈ ရက်အတွင်း ကိုဗစ်ကူးစက်နူန်း ကိုသုံးသပ်တယ်။ ၅ ရာခိုင်နူန်းအောက်ရောက်ရင် ဖွင့်မယ်။ မရောက်ရင်မဖွင့်ဘူး အရင်ကတည်းကသိထားပါတယ်။ ဒါပေမယ့် ကလေးတွေပညာရေးအတွက်လာမယ့် ဒီဇင်ဘာလလောက်မှာဆိုရင်တော့ဖွင့်နိုင်ရင် ကောင်းမယ်ဆိုပြီး မျှော်လင့်နေပါတယ်”ဟု ပြောသည်။
ဂွမြို့နယ်တွင် လွန်ခဲ့သည့် နိုဝင်ဘာ ၁၉ ရက်မှ ယမန်နေ့ နိုဝင်ဘာ၂၃ ရက်နေ့အထိ (၅) ရက် ကာလအတွင်း နိုဝင်ဘာ ၂၂ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ တစ်ဦးသာ ရှိခဲ့ပြီးကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦးတစ်ယောက်မှ မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ ထုတ်ပြန်သည့်ကိုဗစ်စာရင်းအရ သိ၇သည်။
၇ခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် ကျန်မြို့နယ်များတွင် အခြေခံပညာသင်ကျောင်းများကိုပြန်လည် ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကိုဗစ်ဖြစ်ပွားမှုများခဲ့သည့် ဂွမြို့နယ် တစ်ခုတည်းသာမဖွင့်နိုင်ဘဲ ကျန်ခဲ့သည်ဟု သိ၇သည်။
ဂွမြို့နယ်၊မကျည်းငူကျေးရွာမှကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးသန်းဖေ “ကျောင်းအမြန်ဖွင့်ရင်တော့ပိုကောင်း တာပေါ့။သားသမီးတွေကို ကျောင်းဖွင့်ရင် စာမနောက်ကျရအောင် ကျူရှင်တော့ ထားထားပါတယ်။ ဆယ်တန်းဆိုတော့စာမေးပွဲဖြေရင် စာတွေကို၇နေဖို့လိုတယ်”ဟုပြောသည်။
ဂွမြို့နယ်သည်ကိုဗစ်တတိယလှိုင်းအတွင်း ၇ခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုအများဆုံး မြို့နယ်တစ်ခု ဖြစ်သဖြင့် နံနက်၅နာရီမှ မွန်းတည့်၁၂နာရီအထိသာ အပြင်ထွက်ကြရန်သြဂုတ် ၂၅ရက်မှစတင်ကာ ဒေသန္တ၇ အမိန့်ကို ထုတ်ပြန်ခဲ့သည်။စက်တင်ဘာ၂၉ရက်တွင်ဒေသန္တ၇ အမိန့်ကို နံနက် ၄နာရီမှ ညနေ ၂နာရီအထိသာ အပြင် ထွက်ကြရန် အချိန်လျော့ပေါ့၍ ထုတ်ပြန်ပေးခဲ့သည်။
ဂွမြို့နယ်တွင်လက်ရှိ နိုဝင်ဘာ ၂၃ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၁၁၃၇ ဦး၊ သေဆုံးသူ ၃၇ဦးထိရှိနေပြီး လက်ရှိ ဆေးရုံတွင်ကုသနေ၇သည့် ကိုဗစ်လူနာ ၃ ဦးသာရှိသည်ဟုသိ၇သည်။