ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တားမြစ်မှုများရှိနေသည့်ကြားထဲက မြောက်ဦးရှေးဟောင်းနယ်မြေတွင် တောင်မြေများကိုဖြိုတူးမှု ဆက်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

ထက်အောင်
နိရဉ္စရာ၊ နိုဝင်ဘာ၂၇/ ၂၀၂၁
မြောက်ဦးယဉ်ကျေးမှု ဒေသကို ယူနက်စကို ကမ္ဘာအမွေအနှစ်စာရင်း၀င်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ရှေးဟောင်းနယ်မြေတွင် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ရှေးဟောင်းနယ်မြေများဖြစ်ကြသည့် ကျုံးများ၊ မြို့ရိုးများ၊ တံတိုင်းများကို တူးဖော်ခြင်း မပြုလုပ်ရန် တားမြစ်နေသည့် ကြားထဲက ရှေးဟောင်း နယ်မြေထဲရှိ တောင်ကုန်း၊ တောင်တန်းများကို ဆက်လက် တူးဖော်ကာ မြေများ ထုတ်ယူနေမှုများ ရှိနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင်လည်း မြောက်ဦးမြို့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ တောင်ဖြူဆည်အနီး၌ တောင်မြေများကို တူးယူမှုများရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။
မြောက်ဦးမြို့ ရှေးဟောင်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဒေါ်ခင်သန်းက “မြောက်ဦးက တောင်တွေကနေ မြေတွေတူးယူနေတာတွေဟာ မြောက်ဦးမြို့ရဲ့ တည်ဆောက်ပုံကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ။ ဒါကြောင့် တောင်တွေကို မတူးဖို့၊ မဖြိုဖို့ အသိပညာလည်း ပေးဖူးပါတယ်။ သို့ပေမယ့် ဥပဒေရဲ့ အားနည်းချက်ပေါ့။ အရေးယူမယ့်သူမရှိတဲ့အခါ အဲဒီ အားနည်းချက်ကို အခွင့်ကောင်းယူပြီးတော့ လူတွေဟာ ပြစ်မှုတွေအမျိုးမျိုးကို ကျူးလွန်ကြတယ်” ဟု ဒေါ်ခင်သန်းက ပြောသည်။
မြောက်ဦးမြို့သည် ရခိုင်ဘုရင်မင်းဆက် ၄၉ ဆက်၊ နှစ်ပေါင်း ၃၅၀ ကျော် နန်းစိုက်ရာ ရှေးဟောင်း မြို့တော်ကြီးတစ်ခုဖြစ်သဖြင့် တောင်ကုန်း၊ တောင်တန်းများပေါ်တွင် စေတီပုထိုးများ၊ ကျုံးမြို့ရိုးများဖြင့် ပြည့်နှက်နေသည့် မြို့တော်ဟောင်းတစ်ခုလည်း ဖြစ်သည်။
“ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရှေးဟောင်းမြို့ကို အချိုးတူကျဖို့အတွက် ယဉ်ကျေးမှုလည်း မပျက်စီးအောင် လူတွေလည်းနေလို့ရအောင် နောက်ပြီး လူမျိုးရဲ့ ဓလေ့ ထုံးတမ်းတွေလည်း မပျက်အောင် လုပ်ဖို့က ပညာရှင်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ နောက်တစ်ခုက အဲဒါတွေကို ဖောက်ဖျက်တဲ့အခါ တာဝန်ရှိတဲ့သူတွေရဲ့ ဆောင်ရွက်မှုက အရေးပါတယ်” ဟု ဒေါ်ခင်သန်းက သူ့အမြင်ဖြင့် အကြံပြုပြောဆိုသည်။
မြောက်ဦးမြို့တွင် မြေတူးဖော်မှုများ မကြာခဏဖြစ်နေသဖြင့် တောင်များကို မြေတူး၍ ရသည့်တောင်၊ မြေတူး၍ မရသည့်တောင် စသဖြင့် ခွဲခြားထားရန် လိုအပ်သည်ဟု မြောက်ဦးမြို့ခံ ကိုဇော်ထွန်းက ထောက်ပြ ပြောဆိုသည်။
“ဒီတောင်ကတော့ မြေတူးလို့ရတဲ့တောင်၊ ဒီတောင်ကတော့ လုံးဝ မြေတူးလို့ မရတဲ့တောင်ဆိုတာကို စီမံချက်စွဲပြီး သတ်မှတ်ပေးရမယ်။ အဲလိုမဟုတ်ဘဲ ဟိုတောင်ကလည်း မတူးရ၊ ဒီတောင်ကလည်း မတူးရဘူးဆိုရင် ဘာမှမဟုတ်ဘဲ အချင်းချင်းကြားထဲမှာ သဘောထားကွဲလွဲပြီး ပြဿနာဖြစ်မယ့် ဟာတွေလို့ မြင်တယ် ” ဟု ကိုဇော်ထွန်းက ပြောသည်။
ကျုံးများ၊ မြို့ရိုးများ၊ တံတိုင်းများကို ဖြို၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နယ်မြေတွင် အိမ်ရာများတိုးချဲ့လာမှုကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ မြောက်ဦး မြို့သစ် စီမံကိန်းများကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ရန်မ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ မြောက်ဦးမှာက သမိုင်းနဲ့ ဆိုင်တဲ့ နေရာတွေ ကျုံးတွေ၊ မြို့ရိုးတွေအများကြီး ရှိတယ်။ လင်းမြွေတောင်ဆိုရင်လည်း ပထမဓညဝတီခေတ်ကနေ ရှေးဟောင်း ဘုရားတွေရှိခဲ့တဲ့နေရာ၊ မြို့အင်္ဂါရပ်တွေထဲပါတယ်။ သင်းကျပ်တောင်အနီးမှာ တူးတဲ့မြေတွေဆိုရင် ဝေသာလီခေတ်ကနေရှိခဲ့တဲ့ ဆည်ဘောင်တွေကို ထိခိုက်တယ်။ သဘာဝပတ်ဝန်းကျင်အပြင် အမွေအနှစ်ကိုလည်း ထိခိုက်တဲ့ အတွက် ဝေဖန်ကြတာဖြစ်တယ်” ဟု ကိုဇော်ထွန်းက ပြောသည်။
အဆိုပါ မြေတူးမှုများကို မြောက်ဦးမြို့အပါအဝင် မြို့အနီးပတ်ဝန်းကျင်က တောင်တန်းများတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံတချို့ လုပ်ဆောင် နေကြခြင်း ဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့တွင် ရေမြောင်းစနစ်ကို လက်ရှိ အချိန်ထိ အသေအချာ ဖောက်လုပ်၍ မရှိသဖြင့် ရှေးဟောင်းမြို့တော်၏ ကျုံးများ၊ မြို့ရိုးနေရာများ တွင် လူနေအိမ်များ တိုးချဲ့လာရာ တောင်မြေတူးပြီးမြေဖို့ခြင်းများ ရှိလာကြသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
မြောက်ဦးမြို့တွင် တောင်(၄၅) လုံးခန့်လောက်ရှိကြောင်း၊ ထိုကဲ့သို့ ရှေးဟာင်း အမွေအနှစ်များရှိသည့် ဒေသမှ တောင်ကုန်း၊ တောင်တန်းများတွင် မြေတူးယူနေမှုအပေါ် တာဝန်ရှိသူများအနေဖြင့် လူမှုရေးအခြေအနေ များကြောင့် ယနေ့အချိန်ထိ အရေးယူ ဖြေရှင်းပေးနိုင်မှု မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။
(ဓာတ်ပုံ - မြောက်ဦးမြို့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ တောင်ဖြူဆည်အနီး၌ တောင်မြေများတူးယူနေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က မြင်ရပုံ)

ဆက်စပ် သတင်းများ