သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေတွင် ဆေးခန်းလာပြရင်းပျောက်ဆုံးသွားသည့်အမျိုးသမီးနှင့် ရက် ၂ဝ ခန့်အကြာထိ အဆက်အသွယ်မရ၍ မိသားစုများစိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ သားအိမ်ခေါင်းကင်ဆာ ရောဂါခံနေရသည့် အမျိုးသမီးတစ်ဦးသည် စစ်တွေတွင်ဆေးကုသမှုခံယူနေရင်း ပျောက်ဆုံးသွားသည်မှာ ရက် ၂ဝ ခန့်ကြာပြီဖြစ်သော်လည်း အဆက်အသွယ်မရ၍ မိသားစုများ စိုးရိမ်နေကြကြောင်း သိရသည်။
ပျောက်ဆုံးသွားသော အမျိုးသမီးမှာ ကျောက်တော်မြို့၊ ပြည်တော်သာ ရပ်ကွက်ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းရှေ့၊ ဦးအောင်ဇံဝေလမ်းတွင်နေသော ဖြိုးထမင်းဆိုင်ပိုင်ရှင် ဒေါ်ဖြိုးပပထိုက် (၃၉ နှစ်)ဖြစ်သည်။
ဒေါ်ဖြိုးပပထိုက်သည် သားအိမ်ခေါင်းကင်ဆာရောဂါ ဝေဒနာကို ခံစားနေရသူဖြစ်ပြီး ကျောက်တော်မှ စစ်တွေရှိ အေးငြိမ်းဆေးခန်းသို့ အဖော်အမျိုးသမီးတစ်ဦးနှင့်အတူ နိုဝင်ဘာ ၁၂ ရက်တွင် ဆေးခန်းလာပြပြီးနောက် ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီတွင် ဆေးခန်းမှပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
သူမ၏အမျိုးသား ဦးမောင်လှဝင်းက “အိမ်နဲ့လည်း ပြဿနာမဖြစ်ဘူး။ မိသားစုတွေနဲ့လည်း ဘာပြဿနာမှမရှိဘဲ ပျောက်သွားတာ။ မနေ့ကဆိုရင်လည်း စစ်တွေ တစ်မြို့လုံးက သီလရှင်ကျောင်းတွေကိုတစ်နေကုန် လိုက်ရှာတယ်။ မတွေ့ဘူး။ သားသမီးတွေကလည်း အရမ်းစိတ်ပူနေကြတယ်”ဟုပြောသည်။
ပျောက်ဆုံးသွားသူနှင့်လိုက်အဖော်အဖြစ်လိုက်လာသည့်အမျိုးသမီးသည် ယင်းနေ့က ကွမ်းယာသွားဝယ်ပြီး ပြန်လာစဉ် ဒေါ်ဖြိုးပပထိုက်သည် အထုပ်အပိုးများနှင့်အတူ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်းဥက္ကဋ္ဌ ဦးညီပုက နိရဥ္စရာကိုပြောသည်။
“သူက ရောဂါကြောင့် ဆေးခန်းလာပြတာ ၄ ကြိမ်ရှိပြီ။ ကျွန်တော့်အထင်က သူစိတ်ဓာတ်ကျလို့ တစ်နေရာရာကိုထွက်သွားတာလို့တော့ ခန့်မှန်းမိတယ်။ သူ့ ယောကျာ်းဆိုရင် အရူးတစ်ပိုင်းဖြစ်လို့။ မိသားစုတွေလည်း အရမ်းစိတ်ပူနေကြတယ်”ဟုပြောသည်။
ပျောက်ဆုံးနေသည့်အမျိုးသမီးတွင် သမီး ၂ ဦးနှင့် သား ၁ ဦးရှိပြီး သူမ ပျောက်ဆုံးနေမှုအား လက်ရှိအချိန်ထိ သက်ဆိုင်ရာရဲများကို တိုင်ကြားခြင်းမရှိသေးကြောင်းလည်း သိရသည်။
သူမအားတွေ့ရှိပါက သူမ၏အမျိုးသား ဦးမောင်လှဝင်း၏ဖုန်း - 09686864930 နှင့် ဖြူစင်မေတ္တာပရဟိတအသင်း၏ဖုန်းများဖြစ်သော 09883602122 ၊ 09259786025 ၊ 09669101622 ၊ 09421720581 ၊ 09421761773 ၊ 09420015730 တို့ထံ ဆက်သွယ်အကြောင်းကြားပေးရန်လည်း နှိုးဆော်ထားသည်။
မောင်တောမြို့နယ် အင်းဒင်ပဲရုံကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ၂၅ ရက်ကလည်း အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေး တစ်ဦးပျောက်ဆုံးသွားကြောင်း သိရသည်။

ဆက်စပ် သတင်းများ