Preview

၇ခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိမှုဖြင့် စွဲချက်တင်

ဒီဇင်ဘာ ၀၁/ ၂၀၂၁ | ကြည့်ရှုသူ :924
ရခိုင် သတင်း

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁/ ၂၀၂၁
၇ခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်တရားလွှတ်တော်၌ အဂတိလိုက်စားမှုပုဒ်မဖြင့် စွဲချက်တင်လိုက်ကြောင်း ရှေ့နေများထံမှ သိ၇သည်။
ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုကို လိုက်ပါဆောင်ရွက်နေသည့် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက “ဒီနေ့မှာ ဦးညီပုအပါအဝင် ဝန်ကြီးတွေကို စွဲချက်တင်သင့်/မတင်သင့် လျှောက်လဲချက်ကြားနာပါတယ်။ ပြီးတော့ တစ်ပါတည်း စွဲချက်တင်တယ်” ဟု ပြောသည်။
ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးလုံး စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၈ ရက်တွင် တရားလိုဘက်မှ စစ်ဆေးပြီးသား သက်သေများကို ပြန်ခေါ်စစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်း သိ၇သည်။
ဦးကျော်အေးသိန်း၏အမှုကို လိုက်ပါဆောင်ရွက်နေသည့် မင်းထီး Law Frame ကုမ္ပဏီမှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “သူတို့ကို စွဲချက်အမိန့်ချတယ်။ ပြီးတော့ ကျနော်တို့ဘက်ကလည်း တရားလိုဘက်က သက်သေတွေကို ပြန်ခေါ်စစ်ဖို့ဆိုပြီး တောင်းထားတယ်။ တရားရုံးကလည်း လက်ခံပါတယ်” ဟု ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စွဲချက်တင်ခံရသူများမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ/အခွန်/စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်သည်။
၄င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးကောင်းဇော်သန့်က တရားလိုလုပ်ကာ စက်တင်ဘာလ ၈ ရက်နေ့မှစ၍ စစ်ဆေးနေခြင်းဖြစ်သည်။
ဝန်ကြီးဟောင်းများအနက် ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)အတွက် စစ်တွေမြို့နယ်တရားရုံးက အောက်တိုဘာလ ၈ ရက်တွင် အလုပ်ကြမ်းနှင့် ထောင် ၂ နှစ် ချထားပြီးနောက် ခရိုင်တရားရုံးသို့ အယူခံတက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် အယူခံပယ်ချခံခဲ့၇သည်။

#NLD/နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.