ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

လူငယ်စာရေးဆရာ မင်းဒီပါအမှု ဒီဇင်ဘာလ ၁၀ ရက်တွင် လျှောက်လဲချက်ကိုကြားနာမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 250

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃/ ၂၀၂၁
PDF သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ ကိုမင်းဒီပါ၏အမှုကို လာမည့်ဒီဇင်ဘာလ ၁၀ ရက်တွင် စွဲချက်လျှောက်လဲချက် ကြားနာသွားမည်ဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေဦးကျော်စိုးလင်းက နိရဥ္စရာသို့ပြောသည်။
“ဒီနေ့မှာ လိုပြသက်သေ ၃ ယောက်ကိုစစ်ပါတယ်။ နောက်ရုံးချိန်းမှာ စွဲချက်လျှောက်လဲချက်ကို ကြားနာသွားပါမယ်။ လိုပြသက်သေအားလုံးကိုတော့ စစ်ဆေးပြီးပါပြီ” ဟုပြောသည်။
ကိုမင်းဒီပါအမှုတွင် တရားလိုပြသက်သေ ၈ ဦးပါဝင်ပြီး နောက်ဆုံးစစ်ဆေးရန်ကျန်နေသေးသည့် လိုပြသက်သေ ၃ ဦးကို ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် မြောက်ဦးခရိုင်တရားရုံး၌ စစ်ဆေးခဲ့ပြီးဖြစ်၍ လိုပြသက်သေအားလုံးကို စစ်ဆေးပြီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်ကို PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် အောက်တိုဘာလ ၁၅ ရက်တွင် ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးစောတင်က တရားလိုလုပ်ကာ နိုဝင်ဘာလ ၁၂ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့်စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကိုမင်းဒီပါနှင့်အတူ ရခိုင်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်တို့ကိုလည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲထိန်းသိမ်းခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ