သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေတွင် ခိုးဆိုးလုယက်ဓားပြမှုများတိုးပွားလာခြင်းကြောင့် အသက်အန္တရာယ်ကိုပါစိုးရိမ်လာရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၄ / ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုနောက်ပိုင်း ခိုးမှု၊ လုယက်မှုနှင့် ဓားပြမှုများ များပြားလာခြင်းကြောင့် မိမိတို့၏ အသက်အန္တရာယ်များကို ပါထိခိုက်လာမည်ကို စိုးရိမ်နေရသည်ဟု မြို့နေလူထုက ပြောဆိုနေကြသည်။
စစ်တွေမြို့အတွင်း တစ်နေ့ထက်တစ်နေ့ ခိုးမူ၊ လုယက်မှုနှင့် ဓားပြမှုအထိပါဖြစ်လာနေပြီး မိမိအိမ်တွင်နေသူများတွင်ပင် လုံခြုံမှုမရှိတော့၍ အသက်အန္တရာယ်များပါထိခိုက်လာနိုင်သည်ဟု စစ်တွေမြို့၊ ဓညဝတီရပ်ကွက်အတွင်း ဖုန်းအခိုးခံလိုက်ရသော နေအိမ်မှ ဒေါ်အိုစာဖြူက နိရဥ္စရာကိုပြောသည်။
“ညဘက်ဆိုရင်လုံခြုံမှုမရှိတော့ဘူး။ ဖုန်းဆိုရင်ပြန်ဝယ်လို့ရတယ်။ လူ့အသက်ဆိုရင် ပြန်ယူလို့မရဘူး။ သူခိုးတွေက အိမ်ကိုမွှေပြီးရှာသွားတာ။ လူကိုဓားနဲ့မထိုးတာကံကောင်း”ဟုပြောသည်။
သူမ၏နေအိမ်မှ ဒီဇင်ဘာ ၂ ရက် ညဉ့် ၂ နာရီခွဲခန့်က ဖုန်း ၂ လုံးနှင့် ပိုက်ဆံ ၅ သိန်းအခိုးခံခဲ့ရသည့်အပြင် ၎င်းရပ်ကွက်မှ အခြားအိမ် ၆ လုံးထံမှလည်း ဖုန်း ၇ လုံးနှင့် ပိုက်ဆံအချို့အခိုးခံခဲ့ရသည်ဟု ရပ်ကွက်သားများက ပြောသည်။
၎င်းရပ်ကွက်တွင် စျေးရောင်းနေသူအဖွားတစ်ဦးကလည်း “သူခိုးဖမ်းမိရင်လည်း ထိထိရောက်ရောက်အရေးယူတာလည်း မရှိကြဘူး။ ဖမ်းမိတာမျိုးရှိခဲ့ရင်လည်း မကြာဘူး။ ပြန်လွတ်လာတယ်။ အခုဆိုမြို့က မူးယစ်သမားတွေ၊ ဆေးသမားတွေနဲ့ အန္တရာယ်များလာပြီ”ဟု ပြောသည်။
အဆိုပါခိုးမှုများကို သက်ဆိုင်ရာသို့တိုင်ကြားမှုများရှိခဲ့သော်လည်း တာဝန်ယူဖြေရှင်းခြင်းမရှိခဲ့ဟု သူမက ပြောသည်။
စစ်တွေမြို့ ကျောင်းကြီးလမ်းရပ်ကွက်တွင်ဆိုလျှင် သူခိုးများသောင်းကျန်းမှုကြောင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက စုပေါင်း၍ ညစောင့်များခန့်ကာ ရပ်ကွက်လုံခြုံရေးကို မိမိအစီအစဉ်ဖြင့်ဆောင်ရွက်နေရသည်ဟု သိရသည်။
စစ်တွေတွင် ညဉ့်အချိန်တွင်သာမက နေ့ခင်းကြောင်တောင်လည်း နေအိမ်များ၊ စျေးဆိုင်များနှင့် စျေးများတွင် အလစ်သုတ်ခိုးယူခံရမှုများရှိနေသည်ဟု နစ်နာသူများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီခန့်ကလည်း စျေးဝယ်လာသူ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် ၁၅ သိန်းခန့်နှင့် ဖုန်းတစ်လုံးကို အလစ်သုတ် ခိုးယူခံလိုက်ရကြောင်း သိရသည်။
စစ်တွေမြို့ ရိုးမဘဏ်အနီး လမ်းမကြီးရှိ ဘီလီယံအထည်ဆိုင််တွင် စက်တင်ဘာ ၂၇ ရက် နေ့လယ် ၂ နာရီခန့်၌ အထည်ဝယ်မည့်အသွင်ဖြင့်လာရောက်ခဲ့သူတစ်ဦးက ဆိုင်တွင်းမှ ဖုန်းတစ်လုံးကို နေ့ခင်းကြောင်တောင် ခိုးယူသွားခဲ့ကြောင်း ဆိုင်ပိုင်ရှင် ကိုရဲကျော်ပိုင်က နိရဥ္စရာကို ပြောသည်။
စက်တင်ဘာလအတွင်းမှာပင် စစ်တွေမြို့မစျေးကြီးအတွင်း စျေးဝယ်ယူသူအမျိုးသမီးတစ်ဦး၏ဆွဲကြိုးကို နေ့ခင်းကြောင်တောင်လုယူထွက်ပြေးသူတစ်ဦးကိုလည်း စျေးသူ၊ စျေးသားများက ဝိုင်းဝန်းဖမ်းဆီးလိုက်နိုင်သည်ဟု သိရသည်။
စက်တင်ဘာ ၇ ရက် ညဉ့် ၁ နာရီခန့်ကလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ သေနတ်များကိုင်ဆောင်ထားသည့် အမျိုးသား(၅)ဦးက ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။
ယင်းသို့ဓားပြတိုက်ခံရ၍ ဆွဲကြိုး(၄)ကုံး၊ နားကပ်အရံ (၂၁)စုံနှင့် လက်စွပ် (၈)ကွင်း၊ စုစုပေါင်း ရွှေ (၇)ကျပ်ခွဲနှင့် ငွေကျပ်သိန်း (၅ဝ)လည်း ဆုံးရှုံးသွားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၇ ရက် နေ့လယ် ၁ နာရီကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက် (၃)ရှိ “နယူးစတိုင်” ရွှေဆိုင်ကိုလည်း ဆိုင်ကယ်စီးလာသည့် အသက် ၃၀ ကျော်အရွယ်တစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ်တစ်ဦးတို့က သေနတ်ဖြင့် နေ့ခင်းကြောင်တောင်ဓားပြတိုက်ရာ အော်ဟစ်အကူအညီတောင်း၍ ထွက်ပြေးသွားကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရရုံးစိုက်ရာ ပြည်နယ်၏မြို့တော်စစ်တွေမြို့တွင် ယခုကဲ့သို့ ခိုးမှုများ၊ ဓားပြမှု၊ လုယက်မှုများမဖြစ်စေရန် သက်ဆိုင်ရာရဲများ၊ ပြည်နယ်အစိုးရများကလည်း ထိထိရောက်ရောက်အရေးယူမှုများပြုလုပ်ရန်လိုအပ်သလို မြို့တွင်နေထိုင်သူများအနေဖြင့်လည်း မိမိတို့နေထိုင်သော နေအိမ်၊ လမ်းများတွင် မီးများထွန်းထားသင့်ပြီး သတိဖြင့် နေထိုင်သင့်သည်ဟု စစ်တွေမြို့မိ၊ မြို့ဖတစ်ဦးဖြစ်သူ ဦးမောင်သာစိန်က ပြောသည်။
“အဓိက သက်ဆိုင်ရာလူတွေက ဒီလိုဖြစ်စဉ်တွေဖြစ်တာကိုလည်း သိကြပါတယ်။ ဒါပေမယ့် ခိုးမှုတွေကများလာတယ်။ သူတို့အနေနဲ့ လုံခြုံရေးပေးဖို့လိုတယ်။ သူခိုးဖမ်းမိရင်လည်း ထိထိရောက်ရောက်အရေးယူပြီးတော့ နောက်မလုပ်ရဲအောင် ထိန်းချုပ်နိုင်ရင်ကောင်းပါတယ်”ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
စစ်တွေမြို့ အမှတ်(၂)ရဲစခန်းမှ စခန်းမှုကိုဆက်သွယ်ရာ “ကျနော်တို့အနေနဲ့ နေ့ခင်းဘက်၊ ညဘက်တွေ ကင်းလှည့်ကြတာမျိုးရှိပါတယ်။ ဒါပေမယ့် ထူးမှ မထူးခြားတာ”ဟုပြောဆိုကာ ဖုန်းချသွားခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့များက မြို့ပေါ်ရပ်ကွက်အချို့တွင် နေ့/ည ကင်းလှည့်မှုများရှိကြသော်လည်း ယခုဖြစ်စဉ်များသည် နေ့စဉ်နီးပါးပေါ်ပေါက်လျက်ရှိနေမှုအပေါ် မြို့ခံများကဝေဖန်နေကြခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ