Preview

မြောက်ဦးမြို့နယ် ကျေးရွာအချို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ ငွေကြေးကောက်ခံမှုများရှိခဲ့

ဒီဇင်ဘာ ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :7652
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ကျေးရွာအချို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ ငွေကြေးကောက်ခံမှုများရှိခဲ့ကြောင်း သိ၇သည်။
မြောက်ဦးမြို့နယ်၊ မြရိပ်ကျွန်းအုပ်စုရှိ စေတီကုန်းရွာ၊ ရွှေထွန်းဖြူရွာနှင့် မြက်ရိတ်ကျွန်းရွာစသည့်ရွာများမှ ၁၈ နှစ်နှင့်အထက် လူဦးရေ ၅၀၀ ကျော်ကို ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် မြက်ရိတ်ကျွန်းကျေးရွာရှိ မူလတန်းကျောင်း၌ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးပေးခဲ့ကြောင်း ရွာသားများက ပြောသည်။
ယင်းသို့ထိုးပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆေးလာထိုးသူများထံမှ တစ်ဦးလျှင် ကျပ် ၁,၅၀၀ ကောက်ခံခဲ့သည်ဟု စေတီကုန်းရွာသားတစ်ဦးက နိရဥ္စရာကိုပြောသည်။
“လူတစ်ယောက်ကို ၁,၅၀၀ ဆိုရင် မိသားစုများတဲ့အိမ်ဆိုရင် အခက်ခဲရှိတယ်။ ဒီလိုငွေကြေးအခက်ခဲဖြစ်နေချိ်န်မှာ မလုပ်သင့်ပါဘူး”ဟု ပြောသည်။
အဆိုပါကျေးရွာများမှဆေးထိုးမည့်သူများကို ယနေ့တွင် ကိုဗစ်ကာကွယ်ဆေးပထမဆုံးအကြိမ် စတင်ထိုးပေးခြင်းဖြစ်ပြီး မြောက်ဦးမြို့နယ် ဆင်အိုးချေတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ၉ ဦးက လာရောက်ထိုးပေးနေခြင်းဖြစ်သည်ဟု သူက ပြောသည်။
ယခုကဲ့သို့ ငွေကြေးကောက်ခံရခြင်းမှာ ဆေးလာထိုးပေးသော ကျန်းမာရေးဝန်ထမ်းများကို ဧည့်ခံကျွေးမွေးရန် ကောက်ခံရခြင်းဖြစ်သည်ဟု ရွှေထွန်းဖြူကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ကျန်က နိရဥ္စရာကို ပြောသည်။
“ငွေကောက်ခံတယ်ဆိုတာက ဆေးလာထိုးပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကျွေးဖို့ မွေးဖို့ပါ။ ကောက်လို့ရတဲ့ပိုက်ဆံတွေနဲ့ ဆရာမတွေကို စားစရိတ်နဲ့ အပြန်လမ်းစရိတ်တွေပေးလိုက်တယ်။ နယ်ဝေးကလာကြတာဆိုတော့လေ”ဟု ပြောသည်။
ယင်းသို့ကောက်ခံမှုကြောင့် စုစုပေါင်း ငွေကျပ် ၆ သိန်းခွဲကျော်ကောက်ခံရရှိခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ကိုဗစ်ကာကွယ်ဆေးထိုးသူများကို ငွေကောက်ခံမှုပြုလုပ်ရန် ညွှန်ကြားထားခြင်းမရှိဟု နိရဥ္စရာကိုပြောသည်။
၇ခိုင်တွင် နိုဝင်ဘာ ၂၉ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ လူဦးရေ ၅ သိန်းခွဲခန့်ရှိပြီဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိ၇သည်။
#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.