ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် လေကြောင်းဖြင့်သွားမည်သူများကို ကိုဗစ်စစ်ဆေးရာ ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.4k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၈/၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လေယာဉ်ဖြင့်ထွက်ခွာမည့်ခရီးသည်များကို ကိုဗစ်စစ်ဆေးရာ တစ်မနက်အတွင်းတွင် အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ စစ်တွေတက္ကသိုလ်ကျောင်းဟောင်း၌ ကိုဗစ်စစ်ဆေးရာ အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦး၌တွေ့ရှိခဲ့ကြောင်း Rakhine Covid-19 Watch မှ ကိုဇော်လှိုင်ထွန်းက နိရဥ္စရာကိုပြောသည်။
"သူတစ်ယောက်တည်းပိုးတွေ့တယ်လို့ပဲ သိရတယ်။ ဒီတိုင်းစစ်တဲ့အချိန်မှာ တွေ့တာပဲဖြစ်တယ်”ဟုပြောသည်။
ပိုးတွေ့သည့်ကလေးငယ်သည် ကျန်းမာရေးကောင်းမွန်နေသော်လည်း လက်ရှိတွင် စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ဝ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်တို့ကလည်း လေယာဉ်ဖြင့်ခရီးသွားမည့်ခရီးသည်များအား စစ်တွေတက္ကသိုလ်ကျောင်းဟောင်းတွင် ကိုဗစ်စစ်ဆေးရာ ပိုးတွေ့သူ ၉ ဦးရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးထိုးပြီး အနည်းဆုံး ၁၄ ရက်ပြည့်ပြီးသောသူများအနေဖြင့် လေကြောင်းခရီးသွားလာသည့်အခါ ကိုဗစ်စစ်ဆေးရန်မလိုအပ်သော်လည်း ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးသူများ စစ်ဆေးရမည်ဟု နိုဝင်ဘာ ၁၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးနေခြင်းဖြစ်သည်။
စစ်တွေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်နေသည့် ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင်လည်း နိုဝင်ဘာလ ၃၀ ရက်တွင် ၉ ဦးနှင့် ယမန်နေ့တွင် ၇ ဦး၊ စုစုပေါင်း ၁၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ