Preview

ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၏ အခမဲ့အပ်ချုပ်သင်တန်းတွင် ရခိုင်ဝတ်စုံနှင့်အနောက်တိုင်းဝတ်စုံများချုပ်လုပ်နည်းကိုလည်း စတင်သင်ကြားပေးနေ

ဒီဇင်ဘာ ၁၃/ ၂၀၂၁ | ကြည့်ရှုသူ :2568
ရခိုင် သတင်း

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၉ / ၂၀၂၁
ရခိုင်ရှိ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းကဖွင့်လှစ်ထားသည့် အခမဲ့အပ်ချုပ်သင်တန်းတွင် ရခိုင်ရိုးရာဝတ်စုံ၊ ရခိုင်မင်္ဂလာဝတ်စုံနှင့် အနောက်တိုင်းဝတ်စုံများချုပ်လုပ်နည်းကိုလည်း စတင်သင်ကြားပေးနေပြီဟု သိ၇သည်။
ရခိုင်ရိုးရာဝတ်စုံ၊ ရခိုင်မင်္ဂလာဝတ်စုံနှင့် အနောက်တိုင်းဝတ်စုံများချုပ်လုပ်နည်းကို မြောက်ဦးမြို့၊ ရတနာမာရ်အောင်ကျောင်းတွင် နိုဝင်ဘာလ ၁၇ ရက်တွင်ဖွင့်လှစ်ထားသော အပ်ချုပ်သင်တန်း အပတ်စဉ် ၁၂ တွင် စတင်ထည့်သွင်းသင်ကြားနေခြင်းဖြစ်သည်။
နောင်တစ်ချိန်တွင် မြောက်ဦးသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဝင်နိုင်သည့်အချိန်၌ နိုင်ငံတကာကလာသည့် ပြည်တွင်း၊ ပြည်ပကဧည့်သည်များအား မိမိတို့ရိုးရာဝတ်စုံများကိုရောင်းချခြင်း၊ ငှားရမ်းခြင်းများပြုလုပ်နိုင်ပြီး ရခိုင်အမျိုးသမီးတစ်ဦးအနေဖြင့် မင်္ဂလာဆောင်သည့်အခါ မိမိရိုးရာဝတ်စုံဖြင့်ဆောင်ခြင်းဖြင့် ဂုဏ်ယူစရာကောင်းသည်ဟု ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၏ မြောက်ဦးမြို့ စီမံကိန်းတာဝန်ခံ ဒေါ်ခင်သန်းက နိရဥ္စရာကို ပြောသည်။
“သင်တန်းက ကျမတို့ရခိုင်ရိုးရာဝတ်စုံတွေကိုပိုပြီးခေတ်မီအောင်ချုပ်နိုင်ပြီးတော့ လက်ရာတွေကို ပြည်တွင်း၊ ပြည်ပခရီးသည်အတွက် ရောင်းချလာနိုင်မယ်။ အမျိုးသမီးတွေအတွက်လည်း ကိုယ့်ရိုးရာဝတ်စုံနဲ့ မင်္ဂလာဆောင်တာကို သဘောကျကြတယ်”ဟု ပြောသည်။
အဆိုပါဖောင်ဒေးရှင်းတွင် အလယ်တန်းအထိပညာသင်ခဲ့၇သူများ၊ အထက်တန်းမအောင်ခဲ့သော အမျိုးသမီးများကို ဦးစားပေးသင်ကြားပေးနေပြီး အနာဂတ်မဲ့နေသော သူတို့ဘ၀အတွက် စားဝတ်နေရေးပြေလည်အောင်ရည်ရွယ်ပြီး သင်ကြားပေး၇ခြင်းဖြစ်သည်ဟု ဒေါ်ခင်သန်းက ပြောသည်။
ယခုကဲ့သို့ ပညာသင်ခွင့်၇ခြင်းသည် မိမိဘ၀အတွက်၊ မိသားစုအတွက်အထောက်အကူပြုရုံသာမက ဘ၀ရပ်တည်ဖို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်ဟု သင်တန်းတက်ရောက်နေသူ မလှကျော့မေက ပြောသည်။
“သင်တန်းပြီးရင် စက်ဆိုင်ဖွင့်မယ်။ အကောင်းဆုံးကြိုးစားမယ်။ မိသားစုကိုလည်း အထောက်အကူပြုနိုင်မယ်။ အလုပ်အကိုင်ရှားပါးတဲ့အချိန်မှာ အခမဲ့သင်တန်းတက်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်” ဟုပြောသည်။
ရခိုင်ရိုးရာဝတ်စုံ၊ ၇ခိုင်မင်္ဂလာဝတ်စုံနှင့် အနောက်တိုင်းဝတ်စုံများချုပ်လုပ်နည်းကို သင်တန်းသူ ၁၂ ဦးတက်ရောက်သင်ကြားနေပြီး ထိုင်းနိုင်ငံမှ ၇ခိုင်လူမျိုး ဒီဇိုင်နာတစ်ဦးဖြစ်သူ ကိုနေတိုးက ၂ လကြာ အခမဲ့ သင်ကြားပေးနေခြင်းဖြစ်သည်။
သင်တန်းသားဦးရေ ယခုထက်အများအပြားသင်ကြားပေးနိုင်ရန် စက်ပစ္စည်းများ၊ အဆောက်အအုံများနှင့် နယ်မှလာသော မိန်းကလေးများအတွက် နေစရိတ်၊ စားစရိတ်ကို ထောက်ပံ့ပေးမည့်သူ လိုအပ်နေသည်ဟုလည်း ဒေါ်ခင်သန်းက ပြောသည်။
“တချို့တွေဆိုရင် ဘုန်းကြီးကျောင်းမှာနေပြီး ခက်ခက်ခဲခဲသင်တန်းလာတက်ကြတာကိုမြင်တော့ စိတ်မကောင်းဖြစ်မိတယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်ရှိ အလုပ်အကိုင်မရှိဖြစ်နေသည့်အမျိုးသမီးငယ်များဘ၀ရပ်တည်ရေးအတွက် မြောက်ဦးအပါအဝင် တောင်ကုတ်နှင့် မင်းပြားမြို့တို့တွင်လည်း အပ်ချုပ်သင်တန်များကို ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းနှင့် YUNNAN AID အဖွဲ့တို့ပူးပေါင်းကာ အခမဲ့ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိ၇သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.