တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မာန်အောင်ကျွန်းမှ သန္တာကျောက်တန်းများကို လာရောက်ကြည့်ရှုသူများပြားလာ၍ ပျက်စီးကျိုးပဲ့မှုများ ရှိလာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁ဝ/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း ပြင်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းခြေရှိ သန္တာကျောက်တန်းများကို လာရောက်ကြည့်ရှုသူများလာသည့်အတွက် ကျိုးပဲ့ပျက်စီးမှုများ ရှိလာနေ၍ ထိန်းသိမ်းရန် လိုအပ်လာနေကြောင်း သိရသည်။
၂ဝ၁၉ ခုနှစ်မှစ၍ အဆိုပါသန္တာကျောက်တန်းများကို လူသိများလာပြီး ယခုကဲ့သို့ ပွင့်လင်းရာသီတွင် လစဉ် ရာနှင့်ချီသည့်လည်ပတ်သူများက ကျောက်ခက်၊ ကျောက်ပန်းများအား ချိုးဖဲ့ယူ၍ ဓာတ်ပုံရိုက်ခြင်း၊ အမှတ်တရအဖြစ် ချိုးယူဆောင်ခြင်းများကြောင့် တဖြည်းဖြည်းပျက်စီးလာနေကြောင်း မာန်အောင်မြို့နယ် မေဃလူငယ်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအသင်း စည်းရုံးရေးမှူး မအိစောမွန်က နိရ ဉ္စရာကို ပြောသည်။
“သန္တာကျောက်တန်းက သက်တမ်းသိပ်မရင့်သေးဘူးလို့သိရတယ်။ တက်နင်းမိတာနဲ့ကို ကျိုးသွားတာဆိုတော့ တက်မနင်းကြပါနဲ့။ တချို့ကျတော့ ဖဲ့ယူသွားတယ်။ အိမ်မှာအလှထားဖို့ဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့ဖြစ်ဖြစ်ပေါ့။ ကိုင်ပြီးဓာတ်ပုံရိုက်ဖို့ ဖဲ့ကြတယ်။ နှမြောဖို့ကောင်းတယ်။ ဒါတွေကို လာကြည့်တဲ့လူတွေကလည်း ဆင်ခြင်သင့်တယ်။ ဒီလိုလုပ်နေကြရင် မကြာခင်ပျက်စီးသွားလိမ့်မယ်” ဟုပြောသည်။
သန္တာကျောက်တန်း၊ ကျောက်ပန်းခက်များရှိသည့်နေရာမှာ ကမ်းခြေနှင့် ပေ ၃ဝဝ ကျော်ပေါက်ရောက်နေ၍ လတစ်လ၏ ဒီရေတက်ကျချိန်ဖြစ်သည့်ရက်များတွင် လူအများ စုံပြုံကာ တက်နင်းကျော်ဖြတ်သွားကြည့်ကြသည်ဟု သူမက ပြောသည်။
မာန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အဆိုပါသန္တာကျောက်တန်းအနီးတဝိုက်တွင် အသိပညာပေးဆိုင်းဘုတ််များ ကပ်ထားပေးသော်လည်း လိုက်နာသူနည်းပါးနေသေးကြောင်း ပြင်ကောက်ကျေးရွာမှ သန္တာကျောက်တန်းထိန်းသိမ်းရေးနှင့်ပတ်သက်၍လုပ်ဆောင်ပေးနေသူ ကိုသီဟကျော်က ပြောသည်။
“မယကလာပြီး ဆိုင်းဘုတ်တွေတော့ ထောင်ထားတယ်။ အဲဒီနောက်ပိုင်းတော့ ဆင်ခြင်ကြတာတွေ့ပေမယ့် တချို့ကတော့ အခုထိ လိုက်နာမှုတွေအားနည်းနေသေးတယ်။ လာရောက်ကြည့်ရှုသူတွေအနေနဲ့လည်း တန်ဖိုးထားစေချင်တယ်” ဟုပြောသည်။
ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်ကလည်း အဆိုပါသန္တာကျောက်တန်းများမှ ကျောက်ပန်း၊ ကျောက်ခက်များကို သွားရောက်လေ့လာသူများက ချိုးဖဲ့ယူဆောင်မှုများရှိခဲ့သည့်အတွက် လူမှုကွန်ရက်များတွင် ဝေဖန်ပြစ်တင်မှုများလည်းရှိခဲ့သည်။
သန္တာကျောက်တန်းများသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၂၅ သန်းခန့်ကတည်ရှိပြီး ကမ္ဘာ့ပင်လယ်ပြင်၏ သုည ဒဿမ ၂ ရာခိုင်နှုန်းကို ဖုံးလွှမ်းလျက်ရှိသည်ဟု သိရသည်။
အဆိုပါသန္တာကျောက်တန်းများတွင် မျိုးစိတ်ပေါင်း ရဝဝ ကျော်ရှိပြီး ၄င်းတို့မှ ထုတ်လုပ်သော ပရိုတိန်းသည် ခရမ်းလွန်ရောင်ခြည်၏ဘေးရန်ကို တွန်းလှန်ကာကွယ်ကာ လူသားမျိုးနွယ်စုနှင့် ရေနေသတ္တဝါများ၏ အစာကွင်းဆက်များဖြစ်သည်ဟု သိရသည်။
ဒီရေရိုက်ခတ်မှု၊ မုန်တိုင်းတိုက်ခတ်မှုများကို ကာကွယ်ပေးသော ကြားခံဇုံဖြစ်၍လည်း သန္တာကျောက်တန်းများ မပျက်စီးစေရန် ဂရုတစိုက်ကာကွယ်ထိန်းသိမ်းရန်လိုအပ်လျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ