နိရဥ္စရာ၊ ဒီဇင်ဘာ ၁၃/၂၀၂၁
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဆံတော်ရှင်ဘုရားတောင်တက်လမ်းပြုပြင်ပြီးလျှင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ပြန်တော့မည်ဟု လုံ/နယ်ဝန်ကြီးပြောဆိုခဲ့သော်လည်း ပွဲစတင်ကျင်းပသည့် ယနေ့အထိ မပြန်ကြသေးဟု သိ၇သည်။
လက်ရှိတွင် ဆံတော်ရှင်ဘုရားတောင်တက်လမ်းကို ပြုပြင်ပြီးစီးသွားပြီဖြစ်၍ ရဲတပ်ဖွဲ့ဝင်အချို့ စက်လှေဖြင့် ပြန်သွားကြပြီဖြစ်သော်လည်း စစ်သားများသည် တောထဲတွင်ရှိနေဆဲဖြစ်သည်ဟု မင်းပြားမြို့နယ်မှ ဘုရားဖူးခရီးသည် ဒေါ်မဲမချေက နိရဥ္စရာကို ပြောသည်။
"ကျမအမြင်ပြောရရင် သူတို့ရှိနေသရွေ့တော့ ပွဲစည်မှာမဟုတ်ဘူး။ သူတို့ပြန်သွားရင်တော့ ဒီနေ့ပြန်ရင် ဒီနေ့ပွဲစည်မှာပဲ။ လမ်းတော့ မလုပ်ကြတော့ဘူး။ တချို့တဝက်က စက်လှေနဲ့ပြန်သွားကြတာတွေ့လိုက်တယ်။ ရဲသားတွေက ဆင်းသွားကြပြီ။ စစ်သားတွေကတော့ တောထဲရှိကြသေးတယ်။ အစ်မသိသလောက်တော့ စစ်ဆေးမေးမြန်းတာမျိုးတော့ မရှိပါဘူး"ဟု ပြောသည်။
ပျက်စီးနေသည့်ဆံတော်ရှင်ဘုရားတောင်တက်လမ်းကို ပြုပြင်ရန်ဟုဆိုကာ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၁၀၀ ကျော်ခန့်သည် ဒီဇင်ဘာလ ၃ ရက်မှစတင်ကာ ဆံတော်ရှင်တောင်တက်လမ်းတစ်လျှောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါတောင်တက်လမ်းကို ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်တွင်ပြုပြင်ပြီးစီးသွားပြီဖြစ်သော်လည်း ဆံတော်ရှင်ဘုရားပွဲစတင်ကျင်းပသည့် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်အထိ စစ်သားများ ပြန်လည်ထွက်ခွာခြင်းမရှိကြသေးဟု ပွဲသို့သွားရောက်နေကြသူများက ပြောသည်။
ဘုရားပွဲတွင် ထမင်းဆိုင်ရောင်းရန်ရောက်ရှိနေသည့် ပေါက်တောမြို့နယ်၊ ကျော်ရွင်ကျေးရွာမှ ဒေါ်အေးကျော့ကလည်း "လမ်းပြင်တာကပြီးပြီဆိုရမှာပေါ့လေ။ လက်ရှိလုပ်နေတာတော့ မမြင်ဘူး။ လမ်းက သူတို့ရပ်ထားရင်ပြီးပြီ။ ဆက်လုပ်ရင် လုပ်လို့၇တဲ့အနေအထားမျိုးပါပဲ။ ထင်းတွေ၊ ဆန်တွေတော့ ပုံထားကြတာတွေ့တယ်"ဟု ပြောသည်။
ဘုရားပွဲစတင်သည့် ယနေ့တွင် စစ်တွေမှ စိုးမဲကျီဆိပ်ကမ်းသို့ ရေယာဉ်လိုင်းများလည်း စတင်ပြေးဆွဲနေပြီဖြစ်သော်လည်း စစ်သားများရှိနေသေးသည့်အတွက် ယခင်နှစ်များထက် ဘုရားဖူးများ အလာနည်းပါးနေကြောင်း စိုးမဲကျီကျေးရွာဒေသခံ ဒေါ်အလတ်မက နိရဥ္စရာကိုပြောသည်။
"အရင်နှစ်နဲ့စာရင် ဘုရားဖူးနည်းတယ်။ ပွဲအစဖြစ်လို့လားတော့မသိဘူး။ နောက်နေ့တွေမှာ ဘယ်လိုလာမလဲတော့ မပြောတတ်ဘူး"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားပြီး တစ်စုံတစ်ရာအကြောင်းပြန်ကြားမှုမရှိသေးပါ။
လမ်းလုပ်နေသည့်စစ်သားများသည် လမ်းလုပ်ပြီးစီးပါက ယင်းနေရာမှ ပြန်တော့မည်ဟု ဒီဇင်ဘာ ၁၁ ရက်တွင် ဗိုလ်မှူးကြီးကျော်သူရက နိရဥ္စရာအား ပြောဆိုထားသည်။
ဆံတော်ဘုရားတောင်တက်လမ်းကို လမ်းပြုပြင်ရန်အကြောင်းပြချက်ဖြင့် စစ်တပ်က နေရာယူထားသည့်အတွက် ဘုရားပွဲသို့သွားမည်သူများအနေဖြင့်
စစ်ရေးသတိရှိကြရန်လည်း ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ ၁၀ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။
ဆံတော်ရှင်ဘုရားပွဲတော်ကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်အထိ ၈ ရက်တိုင်တိုင် ကျင်းပနေခြင်းဖြစ်သည်။
ဓာတ်ပုံ - ဆံတော်ရှင်ဘုရားတောင်တက်လမ်းရှိ စစ်သားအချို့အား ဒီဇင်ဘာ ၁၂ နေ့က တွေ့၇စဉ်။ Photo - ချစ်အိလှိုင်
----------------------------------