စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်အမှတ်(၉) စကခဌာနချုပ်တွင် လက်နက်ငယ်များလေ့ကျင့်ပစ်ခတ်မည်ဖြစ်၍ မြို့ပေါ်နှင့် ရွာပေါင်း ၁၃ ရွာကို သတိပေးမှုပြုလုပ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k


အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၄/ ၂၀၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးရွာအနီးရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် လက်နက်ငယ်များ လက်တွေ့ လေ့ကျင့်ပစ်ခတ်မည်ဖြစ်၍ ဌာနချုပ်အနီးတဝိုက်သို့ ဒေသခံများ သွားရောက်ခြင်းမပြုကြရန် မြို့နယ်ကောင်စီက သတိပေးတားမြစ်ထားကြောင်း သိရသည်။
၎င်းလေ့ကျင့်ပစ်ခတ်မှုကို လာမည့် ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကျောက်တော်မြို့နယ်ကောင်စီက ဒီဇင်ဘာလ ၁၁ ရက်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အသိပေးစာထုတ်ပြန်ထားသည်ဟု သိရသည်။
သတိပေးတားမြစ်ထားသည့်နေရာများအထဲတွင် ကျောက်တော်မြို့၊ ညောင်ပင်လှကျေးရွာ၊ လမ်းမတော်ကျေးရွာ ခေါင်းတုတ်ကျေးရွာ၊ နဂရာကျေးရွာ၊ ရုပ်သားကျေးရွာ၊ စံကားတောင်ကျေးရွာ၊ ဝကင်းကျေးရွာ၊ ဝင်စုကျေးရွာ၊ နိဒင်ကျေးရွာ၊ ပီစိပိုက်သည်ကျေးရွာ၊ ပီစိမူဆလင်ကျေးရွာ၊ မြင်းကြပ်ကျေးရွာ၊ ပီထုကျေးရွာများပါဝင်ပြီး ဒေသခံများအနေဖြင့် ဌာနချုပ်အနီးတစ်ဝိုက်သို့ သွားရောက်ခြင်းမပြုကြရန်လည်း အဆိုပါသတိပေးစာတွင် ဖော်ပြထားသည်။
လက်နက်ငယ်စမ်းသပ်ပစ်ခတ်မှုပြုလုပ်မည်ဖြစ်၍ မစိုးရိမ်ကြရန် ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြုလုပ်သည့် လဝက်အစည်းအဝေးတွင် ဗိုလ်မှူးတစ်ဦးက ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် ရုပ်သားရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ထွန်းက ပြောသည်။
"မနေ့ကအစည်းဝေးမှာတော့ ဗိုလ်မှူးတစ်ယောက်က တခါတည်းကြေညာခဲ့ပါတယ်။ သူတို့ကတော့ သေနတ်ပစ်သံကြားလည်း မကြောက်နဲ့။ ပစ်ခတ်စမ်းသပ်မှာလို့ပြောထားတယ်။ စိုးရိမ်မှုတော့ ရှိတာပေါ့။ ရခိုင်ပြည်မှာက ကျွန်တော်တို့လည်း အများကြီးခံခဲ့ရပြီးပြီလေ"ဟု ပြောသည်။
ကျောက်တော်မြို့နယ်ကောင်စီအဖွဲ့ဝင် ဦးမောင်ဝင်းကလည်း ယခုကိစ္စမှာ ဟုတ်မှန်သည်ဟု ဆိုသည်။
“မနေ့က မြို့နယ်စီမံအစည်းဝေးမှာတော့ မြို့နယ်စီမံအဖွဲ့ဝင် ဗိုလ်မှူးက တပ်မထဲမှာ လက်နက်ငယ်ပဲ ပစ်ခက်မှာ။ လက်နက်ကြီးမပါဘူး။ အန္တရာယ်ကို ဘာမှမစိုးရိမ်နဲ့လို့ပြောသွားခဲ့တယ်”ဟု ပြောသည်။
ထိုသို့ အစည်းအဝေးတွင် ပြောကြားခဲ့သော်လည်း သတိပေးစာကို ယနေ့ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းအထိ လက်ခံရရှိထားခြင်းမရှိသေးဟု ကျေးရွာအုပ်ချုပ်ရေးမှူးအများစုက ပြောကြသည်။
ယခုနှစ်အတွင်း ရခိုင့်ပင်လယ်ပြင်တွင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများကို မကြာခဏ စစ်တပ်ဘက်က ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၆ ရက်တွင် မာန်အောင်ကျွန်း၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်း၊ ဩဂုတ် ၂၁ ရက်မှ ၂၃ ရက်အထိ စစ်တွေခရိုင်အတွင်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်စသည့် မြို့နယ်(၄)ခုရှိ ပင်လယ်ပြင်အတွင်း လက်နက်ကြီးစမ်းသပ်ပစ်ခတ်ခဲ့မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ