ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

လက်နက်ငယ်များလက်တွေ့ပစ်ခတ်မည်ဟု စာထုတ်ပြန်ပြီးနောက် ကျောက်တော်တွင် ယနေ့ ပစ်ခတ်သံများ ကြားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.3k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆/၂၀၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ အမှတ် (၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လက်နက်ငယ်များလက်တွေ့ပစ်ခတ်မည်ဟု သတိပေးစာထုတ်ပြန်ပြီးနောက် ယနေ့တွင် ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၈ နာရီမှ ၁၁ နာရီအထိ သေနတ်သံများကြားရပြီး အသံသိပ်မကျယ်ကြောင်း ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ထွန်းက နိရဥ္စရာကို ပြောသည်။
"တစ်ချက်ချင်းပစ်တာ။ ဒါပေမယ့် အသံတော့ သိပ်မကျယ်ပါဘူး။ သေနတ်မှာတောင် အသေးမျိုးတွေထင်တယ်" ဟု ပြောသည်။
ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးရွာအနီးရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တို့၌ လက်နက်ငယ်များ လက်တွေ့လေ့ကျင့်ပစ်ခတ်မည်ဖြစ်၍ ကျောက်တော်မြို့ပေါ်နှင့် ကျေးရွာပေါင်း ၁၃ ရွာမှ ဒေသခံများအနေဖြင့် ဌာနချုပ်အနီးတဝိုက်သို့သွားရောက်ခြင်းမပြုကြရန် မြို့နယ်ကောင်စီက ဒီဇင်ဘာလ ၁၁ ရက်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အသိပေးစာထုတ်ပြန်ထားသည်ဟု သိရသည်။
သတိပေးတားမြစ်ထားသည့်နေရာများတွင် ကျောက်တော်မြို့၊ ညောင်ပင်လှကျေးရွာ၊ လမ်းမတော်ကျေးရွာ ခေါင်းတုတ်ကျေးရွာ၊ နဂရာကျေးရွာ၊ ရုပ်သားကျေးရွာ၊ စံကားတောင်ကျေးရွာ၊ ဝကင်းကျေးရွာ၊ ဝင်စုကျေးရွာ၊ နိဒင်ကျေးရွာ၊ ပီစိပိုက်သည်ကျေးရွာ၊ ပီစိမူဆလင်ကျေးရွာ၊ မြင်းကြပ်ကျေးရွာ၊ ပီထုကျေးရွာများပါဝင်သည်ဟု သိရသည်။
သတိပေးခံထားရသည့် ကျေးရွာများထဲတွင်ပါဝင်သည့် ခေါင်းတုတ်ကျေးရွာဒေသခံဦးမောင်လှသိန်းက
"ဌာနချုပ်က ကျွန်တော်တို့ရွာနဲ့နီးပေမယ့် တောင်အနောက်က ဖြစ်လို့လားမသိဘူး။ ပစ်ခတ်သံတွေမကြားရဘူး။ တခြားရွာတွေကတော့ ကြားရတယ်ပြောတယ်"ဟု ပြောသည်။
ယခုနှစ်အတွင်း ရခိုင့်ပင်လယ်ပြင်တွင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများကို စစ်တပ်ဘက်က မကြာခဏ ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၆ ရက်တွင် မာန်အောင်ကျွန်း၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်း၊ ဩဂုတ် ၂၁ ရက်မှ ၂၃ ရက်အထိ စစ်တွေခရိုင်အတွင်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်စသည့် မြို့နယ်(၄)ခုရှိ ပင်လယ်ပြင်အတွင်း လက်နက်ကြီးစမ်းသပ်ပစ်ခတ်ခဲ့မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - မာန်ယုကျော် (ရွှေဝမြေ)/နိရ ဉ္စရာ

ဆက်စပ် သတင်းများ