နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆ /၂၀၂၁
မကွေးတိုင်ဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လယ်က သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့သည့် ရခိုင်အမျိုးသားနှင့် ပတ်သက်ပြီး ဗိဿနိုး ပြည်သူ့ ကာကွယ်ရေး တပ်မတော် ၏ ထုတ်ပြန်ချက်နှင့် မိခင်ဖြစ်သူ၏ ပြောကြားချက်နှင့် ကွဲလွဲနေသည်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အထူးသတိပေးကြေငြာချက် စာအမှတ် (၃၅/၂၀၂၁) ဖြင့် ဒီဇင်ဘာ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်ထဲတွင် ဒီဇင်ဘာ၁၃ ရက်နေ့က နေ့လယ် ၁နာရီ ၂၀တွင် ၎င်းတို့ သတ်ဖြတ်လိုက်သူမှာ တပ်ကြပ်ကြီးအဆင့် ကပစ-၁၈ မှ ဈေးဝယ်ကား ယာဥ်မောင်းဟု ဖော်ပြ ထားသည်။
သေဆုံးသူ၏ မိခင်ဒေါ်လှမြစိန်က သူမ၏ သားမှာ စစ်တပ်က ကားမောင်းသူ တပ်ကြပ်ကြီးမဟုတ်ဘဲ တောင်တွင်းကြီးမြို့ MEC သကြားစက်ရုံတွင် ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်နေ သူသာ ဖြစ်ကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
" ကျမသားက စစ်သားတွေနဲ့ မပတ်သက်ပါဘူး။ သာမာန်လူ တစ်ယောက်ပါ။ သကြားစက်က စက်ရုံကားပဲ မောင်းနေတာပါ။ ကျွန်မက သူတို့မိသားစုနဲ့ တောင်တွင်းကြီးမှာ အတူနေတာပါ။ မိခင်တစ်ယောက်အနေနဲ့ တော်တော် ခံစား၇တယ် "ဟု ပြောသည်။
သေဆုံးသူမှာ ဦးအောင်လှိုင်စိုး (၃ရ) နှစ်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ဇာတိဖြစ်ပြီး ဗမာအမျိုသမီး မတင်နီလာထွေးနှင့် အိမ်ထောင် ကျနေသူဖြစ်ပြီး အသက် ၂ နှစ်အရွယ် သားငယ် တစ်ဦးရှိသည်ဟု မိခင် ဖြစ်သူက ပြောကြားသည်။
“ ကျွန်မသားက သာမန် အရပ်သားပါ။လူတိုင်းသိပါတယ်။ ဘယ်သူနဲ့မှ ရန်ငြိုးမရှိဘူး။ ခုလို လုပ်ကြံသတ်ဖြတ်ခံရတာ ဘယ်လိုမှ ခံစားလို့ မ၇ပါဘူး” ဟု ဒေါ်လှမြစိန်က ပြောကြားသည်။
ပစ်ခတ်သူ နှစ်ဦးမှာ မော်တော်ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်ပြီး ဦးအောင်လှိုင်စိုးတွင် ဦးခေါင်းတွင် ဒဏ်ရာတစ်ချက်၊ ရင်အုံတွင် ၂ ချက် ရရှိခဲ့ပြီး ၎င်းဒဏ်ရာဖြင့်ပင် ပစ်ခတ်ခံရသည့် နေရာတွင်ပင် သေဆုံး သွားခဲ့သည်ဟု သူ၏ဇနီးဖြစ်သူ မတင်နီလာထွေးက ပြောသည်။
“ ကျမ ယောကျာ်း ဒီလို မတရားခံရတာ မခံမရပ်နိုင်ဘူး။သူက စိတ်ထားလည်း ကောင်းတယ်။ မိသားစုအပေါ်မှာလည်း သိတတ်တယ်။ မသေမချင်း ပစ်သတ် တာလို့ ဈေးက မျက်မြင်တစ်ချို့က ပြောတယ်။ ကျမရင်ထဲမှာ အရမ်း နာကျင်၇ပါတယ်” ဟုပြောသည်။
သေဆုံးသူ ဦးအောင်လှိုင်စိုးသည် မိသားစုနှင့်အတူ ၎င်းစက်ရုံအတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူဖြစ်ပြီး ဇနီးနှင့်အတူ (၂)နှစ်အရွယ် သားငယ်လေးတစ်ဦးကျန်ခဲ့ကြောင်း သိ၇သည်။