ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အပြီးသတ်အမိန့်ချရန် ရုံးချိန်းဆိုထားပြီးမှ ပုဏ္ဏားကျွန်း အိုင်ဒင်ရွာသား ၂ ဦးအမှုကို မဆုံးဖြတ်ဘဲ ထပ်မံရုံးချိန်းရွှေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၀/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသူ ၂ ဦးကို ယနေ့ ဒီဇင်ဘာ ၂ဝ ရက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန် စစ်တွေခရိုင်တရားရုံးသို့ ရုံးထုတ်ခဲ့သော်လည်း အမိန့်ချမှတ်ခြင်းမရှိဘဲ ဇန်နဝါရီ ၃ ရက်ကို ထပ်မံရုံးချိန်းလိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဥ္စရာကိုပြောသည်။
“အပြီးသတ်အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးဆိုပြီးတော့ နောက်ထပ်နှစ်ပတ် ထပ်မံရုံးချိန်းလိုက်တယ်” ဟု ၎င်းက ပြောသည်။
ယနေ့ အမိန့်ချမှတ်မည်ဆိုသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာတွင် နေထိုင်သည့် မိသားစုများ ယနေ့ ရုံးချိန်းသို့ လာရောက်ခဲ့ကြသော်လည်း အမိန့်မချမှတ်ခဲ့သဖြင့် လွန်စွာ စိတ်မကောင်းဖြစ်မိသည်ဟု ဖမ်းဆီးတရားစွဲဆိုခံထားရသူ ကိုနေလင်းဌေး၏ ဦးလေးတော်စပ်သူ ဦးငလုံးအောင်က ပြောသည်။
“အမိန့်ချဖို့ပြောလို့ လာခဲ့ကြတာ။ အခုက ထပ်မံရုံးချိန်းလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တကယ်ကျူးလွန်တာလည်း မဟုတ်ဘဲ သံသယနဲ့ ဖမ်းထားတာ တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ်ရှိနေပြီ”ဟု ၎င်းက ပြောသည်။
အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသည့် အိုင်ဒင်ကျေးရွာသား ၂ ဦးမှာ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ဖြစ်သည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်း ကျေးရွာအနီး AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
နောက်တစ်နေ့ဖြစ်သည့် မတ်လ ၇ ရက်တွင် သူတို့ကို အမှတ်(၉ဝ၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
AA နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဉ်းထောင်၊ သံတွဲအကျဉ်းထောင်၊ ကျောက်ဖြူအကျဉ်းထောင်၊ မြောက်ဦးရဲစခန်းနှင့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တို့တွင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၁၂ဝ ဦးခန့် ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင် များနှင့်နိုင်ငံရေးအကျဉ်းသားများအရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးဝေဟင်အောင်က နိရဥ္စရာကို မကြာသေးခင်က ပြောဆိုထားသည်။

ဆက်စပ် သတင်းများ