အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ရခိုင်တွင် ပဋိပက္ခဖြစ်ရန်သွေးထိုးလှုံ့ဆော်မှုများရှိနေသဖြင့် သတိထားနေထိုင်ကြရန် ရခိုင်ပြည်နယ်ကောင်စီပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/ ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် မလိုလားအပ်သည့် ပဋိပက္ခများဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများရှိနေသဖြင့် သတိထားနေထိုင်ကြရန် ရခိုင်ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိရဥ္စရာသတင်းဌာနကို ပြောဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် စပါးပုံများ မီးရှို့ဖျက်ဆီးခံရခြင်း၊ နွားများကို ဓားဖြင့် ခုတ်ခြင်း၊ စပါးရိတ်သိမ်းစက်များကို မီးရှို့ခြင်း၊ စာသင်ကျောင်းဆောင် တစ်ဆောင် မီရှို့ခံရခြင်း စသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ၏သဘောထားကိုသိလိုသဖြင့် မေးမြန်းစဉ် ဦးလှသိန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။
“အချင်းချင်ကြားထဲမှာ မလိုလားအပ်တဲ့ကိစ္စတွေ တစ်စုံတစ်ရာဖြစ်ပေါ်ဖို့အတွက် တချို့က လုပ်နေတယ်ဆိုတာသိတယ်။ အဲဒီလောက်ပဲပြောလို့ရတယ်။ အဲဒါကြောင့် သတိထားကြဖို့လိုတယ်။ ပြည်သူတွေအန္တရာယ် မရောက် ရောက်အောင် ခိုးလုပ်နေကြတာ။ ပေါ်တင်ကြီး အင်အားသုံးပြီးတော့ လုပ်နေတာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်ဖို့အတွက် လုပ်နေကြတဲ့ဟာတွေရှိတယ်လေ။ အဲဒါတွေရဲ့အစိတ်အပိုင်းတွေပေါ့” ဟု ပြောသည်။
၎င်းပြင် ရခိုင်ပြည်နယ်တည်ငြိမ်ရေးကို မလိုလားသူတချို့က ရခိုင်တွင် တိုက်ပွဲများ မဖြစ်ဖြစ်အောင် လှုံ့ဆော်မှုများရှိနေသလို လူမျိုးရေး၊ ဘာသာရေး ပြဿနာများဖြစ်ပွားရန် ဖန်တီးနေမှုများလည်းရှိနေကြောင်း ပြောကြားသည်။
“တိုက်ပွဲတွေမဖြစ်ဖြစ်အောင် လှုံ့ဆော်နေတဲ့သဘောရှိတယ်။ တစ်ဖက်နဲ့ တစ်ဖက်ကြားမှာ အမျိုးမျိုး ထင်အောင်ပေါ့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ဖက်နဲ့ တစ်ဖက်ကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် အဲလို လုပ်နေတဲ့ လူတွေရှိတယ်လို့ သဘောပေါက်တယ်။ ဒီလောက်ပဲပြောနိုင်တယ်။ ဒီနေရာတွေမှာဖြစ်တဲ့ နေရာတွေကို သွားပြီးတော့ မောင်ဖြူအိမ်၊ မောင်နီက မီးရှို့တယ်လို့ ပြောဖို့ကလည်း မြို့နားမှာဖြစ်လို့ တရားခံတွေကို ဖမ်းစစ်ပြီး လုပ်လို့ရတဲ့နေရာတွေမဟုတ်။ နွားတွေကို ဓားနဲ့ခုတ်တယ်။ သိတယ်။ အဲဒီကို မူဆလင်နဲ့ ရခိုင်လိုလို အမျိုးမျိုးပေါ့။ ဒီဟာတွေကို ပြဿနာဖြစ်အောင်ဖန်တီးနေတယ်။ အဲဒီဟာကို လူတွေသတိထားဖို့လိုတယ်” ဟု ဦးလှသိန်းက ဆက်လက် ပြောဆိုသည်။
ရခိုင်တွင် ယခု ဒီဇင်ဘာလ ၁ဝ ရက်က မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှ စပါးရိတ်စက် ၂ လုံးမီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၁ ရက်က လောက်ကြက်ရွာအနီးတို့၌ စပါးကောက်လိုင်းများမီးရှို့ခံရမှု၊ ၁၄ ရက်က ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာမှ လယ်သမား(၃) ဦး၏ ရိတ်သိမ်းပြီးစ စပါးများ မီးရှို့ခံရမှု၊ ၂၁ ရက်က ဘူးသီးတောင်မြို့နယ် ကန္ဒားမူဆလင်ကျေးရွာမှ စပါးကောင်းလှိုင်းစည်း ရဝဝ တို့ မီးရှို့ခံရမှုတို့ ဖြစ်ပွားခဲ့သည်။
၄င်းအပြင် ဂွမြို့ ရွာမရပ်ကွက်ရှိ မူလွန်စာသင်ကျောင်း လှေကာအနီး ပျဉ်ချပ်အချို့ မီးရှို့ခံခဲ့ရပြီး ဒီဇင်ဘာ ၂၁ ရက်ကလည်း မြောက်ဦးမြို့နယ် မုချာရွာမှ လယ်သမားတစ်ဦး၏ နွား(၅) ကောင်ကို ဓားဖြင့် ရက်စက်စွာ ခုတ်ထစ်ခံရမှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်နှင့် ရက္ခိုင့်တပ်တော် (ULA/AA)ကလည်း အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူများ အနေဖြင့် “ဆင်ခြင်သတိထားကတ်ရန်” ခေါင်းစဉ်ဖြင့် လွန်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
၎င်းထုတ်ပြန်ချက်ထဲတွင် ၎င်းလုပ်ရပ်များမှာ လတ်တလောတည်ငြိမ်နေသည့် ရခိုင်ပြည်အား လူမျိုးရေး ပဋိပက္ခများ ဖန်တီးပြီး ဒေသတွင်း ပဋိပက္ခဖြစ်ပေါ် လာစေရန် တမင်လုပ်ဆောင်နေသော လုပ်ရပ်၊ မတည်မငြိမ်မှုများကို ဖန်တီးလှုံ့ဆော်သော လုပ်ရပ်နှင့် စိုးရိမ်ထိတ်လန့်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးသောလုပ်ရပ်များဟု ရှုမြင်သုံးသပ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။
ရပ်ရွာ၊ မြို့များတွင်ရှိသည့် လူငယ်များအနေဖြင့် ပြည့်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် မီးဘေးအန္တရာယ်များ ကင်းဝေးစေရေးအတွက် မိမိရပ်ရွာ၊ မြို့များအတွင်း လူစိမ်းအဝင်အထွက်များကို သတိထားစောင့်ကြည့်ကြရန် ULA/AA က တိုက်တွန်းထားသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ယင်းဖြစ်စဉ်များကို ပြည်သူများနှင့်အတူလက်တွဲပြီး သေချာစိစစ်သွားဖြစ်ပြီး ပြည်သူ့လုံခြုံရေးကိုလည်း တာဝန်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ