အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ပန်းချီကားချပ်ပေါင်း ၁၆ဝ ခန့်ပါဝင်သောပန်းချီပြပွဲကြီးကို စစ်တွေတွင် ၃ ရက်တိုင်တိုင်ကျင်းပနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.3k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/ ၂၀၂၁
ရခိုင့်ယဉ်ကျေးမှုအငွေ့သက်များကို အဓိကထားရေးဆွဲထားသော ပန်းချီကားချပ်ပေါင်း ၁၆ဝ ခန့်ပါဝင်သည့် ပန်းချီပြပွဲကြီးကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၃ ရက်တိုင်တိုင်ကျင်းပနေကြောင်း သိရသည်။
အဆိုပါပြပွဲကြီးကို စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင် ယနေ့ဒီဇင်ဘာ ၂၄ ရက်နေ့မှစတင်ကာ ၂၆ ရက်အထိ ၃ ရက်တိုင်တိုင်ကျင်းပနေခြင်းဖြစ်သည်။
ယင်းပန်းချီပြပွဲတွင် နိုင်ငံတကာပန်းချီပြပွဲများ၌ပြသနေသည့် ရခိုင်ပန်းချီဆရာများအပါအဝင် ပန်းချီဆရာ ၄၄ ဦး၏လက်ရာပန်းချီကား ၁၅၉ ချပ်ကို အခမဲ့ပြသထားသည်။
ပန်းချီပညာကိုစိတ်ဝင်စားသည့်လူငယ်များအတွက် ပန်းချီပညာကိုလေ့လာနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ပန်းချီဆရာ ဦးဦးစိုးဌေးက နိရဥ္စရာကိုပြောသည်။
"ကျောင်းသား၊ လူငယ်တွေနဲ့ ပန်းချီကအဆက်သွယ်ပြတ်တောက်သွားတာကြာပြီ။ လူငယ်တွေအတွက် အဆက်အသွယ်တစ်ခုဖြစ်အောင် ပဏာမအနေနဲ့ပြပွဲတစ်ခုကိုလုပ်ပြရခြင်းဖြစ်ပါတယ်"ဟု ပြောသည်။
အဆိုပါပြပွဲတွင် အဓိက ရေးဆွဲပြသထားသည့်ပန်းချီကားချပ်များမှာ ရေဆေး၊ ဆီဆေးနှင့် Acrylic အမျိုးအစားများဖြစ်သည်ဟု သိရသည်။
ပန်းချီပြပွဲတွင် ဝင်ရောက်ပြသသည့်ပန်းချီဆရာကိုအောင်နိုင်က လူငယ်များအနေဖြင့် ပန်းချီပညာစိတ်ဝင်စားပါက မှန်မှန်ကန်ကန်ကြိုးစားရန်တိုက်တွန်းလိုကြောင်း ပြောသည်။
"ကိုယ့်မွေးရပ်မှာ ဒီလိုပွဲအကြီးကြီးကိုချပြခွင့်ရတဲ့အတွက် ပျော်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ ကျွန်တော်တို့ပန်းချီကားနဲ့ အများကြီး ကမ္ဘာကိုလည်း ချပြလို့ရတယ်။ တကယ်ဝါသနာပါတဲ့လူငယ်တွေ ကြိုးကြိုးစားစားနဲ့မှန်မှန်ကန်ကန်လျှောက်ဖို့လိုပါတယ်"ဟု ပြောသည်။
ယခုပြပွဲတွင် ရခိုင်နှင့်သက်ဆိုင်သည့် ယဉ်ကျေးမှု၊ အနုပညာ ကျောက်ဆစ်လက်ရာများနှင့် ရခိုင်ရှုခင်းများကိုရေးဆွဲပြသထားသည့်အတွက် အခြားနေရာမှလူမျိုးများ ပိုမိုစိတ်ဝင်စားနိုင်ကြောင်း ပန်းချီပြပွဲကိုလာရောက်ကြည့်ရှုသည့် မသန္တာစိုးက ပြောသည်။
"ဒီမှာဘုရားပုံတွေ၊ မြောက်ဦးရဲ့ညနေခင်းအလှတွေ၊ ရှုခင်းအလှတွေကို ဆေးရောင်တွေနဲ့ဆွဲထားတာ တော်တော်လေးကိုလှပါတယ်။ ဒီပုံတွေကို တခြားနေရာကလူတွေကြည့်မိရင် ရခိုင်ရဲ့သဘာဝအလှတွေကိုစိတ်ဝင်စားမယ်။ ခရီးသွားတွေလည်း ပိုလာနိုင်မယ်ထင်ပါတယ်"ဟု ပြောသည်။
ရခိုင်တွင် ယခုကဲ့သို့ ပန်းချီပညာရှင်များပူးပေါင်းပြုလုပ်သည့်ပန်းချီပြပွဲမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း သိရသည်။
ယခုပြသထားသည့်ပန်းချီကားများကိုကြိုက်နှစ်သက်ပါက ဝယ်ယူနိုင်ပြီး ပန်းချီကားချပ်တစ်ချပ်လျှင် အနိမ့်ဆုံး ကျပ် ၁ သိန်းမှ အမြင့်ဆုံး ကျပ်သိန်း ၄ဝ ရှိသည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ဇော်ဝင်းအောင်၊ အေးမြတ်ခိုင် / နိရ ဉ္စရာ
-------------------------------------------

ဆက်စပ် သတင်းများ