ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တိုက်ပွဲလည်းမရှိ တည်ငြိမ်မှုလည်းရရှိနေပြီဖြစ်သဖြင့်ဘုရားတောင်များတွင် တပ်စွဲထားမှုရုပ်သိမ်းပေးရန်ဘုရားဖူးများလိုလား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.5k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် တိုက်ပွဲလည်းမရှိ၊ တည်ငြိမ်မှုများလည်းရရှိနေပြီဖြစ်သဖြင့် ပွင့်လင်းရာသီတွင် ဘုရားဖူးများ လွတ်လပ်စွာဘုရားဖူးခွင့်ရနိုင်ရန်အတွက် စေတီများနှင့် ဘုရားပုရိဝုဏ်အချို့တွင် စစ်တပ်စခန်းများချထားမှုကို ရုပ်သိမ်းပေးရန် ဘုရားဖူးများက လိုလားနေကြသည်ဟု သတင်း ရရှိသည်။
မြောက်ဦးဘုရားဖူးကားမောင်းသူ ကိုကျော်ဆန်းလွင်က “အခုတောင် ကျွန်တော့်ကားပေါ်မှာပါတဲ့ ခရီးသည်တွေနဲ့ ဦးပဇင်းတစ်ပါးက သင်းကျစ်တော် တောင်ပေါ်ဘုရားဖူးချင်လို့ လာကြပေမယ့် တောင်ပေါ်မှာ စစ်တပ်ရှိတော့ ဘုရားဖူးခွင့် မရခဲ့ဘူး။ ဒီဘုရားက ရှေးဟောင်း သမိုင်းဝင် ဘုရားဖြစ်တော့ ရွာသားတွေရော၊ အဝေးကဘုရားဖူးလာသူတွေရော တောင်ပေါ်တက်ပြီး ဘုရားဖူးချင်ကြတယ်။ အခုတော့ တက်လို့ မရဖြစ်နေတယ်။ အဲဒီ တောင်ပေါ်မှာ တပ်မရှိရင်တော့ ပိုကောင်းတာပေါ့။ အားလုံး ပျော်ပျော်ရွှင်ရွှင် တက်ချင်ကြမှာပေါ့” ဟုပြောသည်။
ရခိုင်ပြည်နယ်မှ တန်ခိုးကြီး ဘုရားများဖြစ်ကြသည့် ကျောက်တော်မြို့ရှိ ထင်ရှားသည့် သေလာဂီရိ မောရပဗ္ဗတကျောက်တော်တောင်၊ မြောက်ဦးမြို့နယ်မှ သင်းကျစ်တော်ဘုရားတောင်၊ ငွေတောင်ပေါက် ဘုရားတောင်၊ လင်းမြွေတောင်ဘုရားတောင်၊ မင်းပြားမြို့နယ်ရှိ ကျိန်းတောင်နှင့် ဘူးသီးတောင်မြို့နယ် သုံးဆယ်တစ်ဘုံ ဘုရားတို့တွင် စစ်တပ်က နေရာယူထားသည်ဟု ဒေသခံများက ပြောကြားသည်။
ရခိုင်ပြည်နယ်မှ ကျောက်တော်တောင်ဘုရားသည် ဘုရားရှင်ကိုယ်တိုင် ကြွရောက် ရပ်နားခဲ့သော တောင်ထွဋ် တစ်ခုဖြစ်သည်ဟု ဘာသာရေး အရယုံကြည်မှုများကြောင့် ဘုရားဖူးများအများဆုံး လာရောက်သည့် နေရာတစ်ခုဖြစ်ပြီး ယခင်က စနေ၊ တနင်္ဂနွေရက်များ၌ ဘုရားဖူး ဧည့်သည်များဖြင့် စည်ကားခဲ့သော်လည်း လက်ရှိ လာရောက်သူ နည်းပါးနေပြီး တောင်ပေါ်ရှိ မျောက်ကလေး များမှာလည်း အစားအစာရရှိရန် ခက်ခဲနေကြသည်ဟု သိရသည်။
ကျောက်တော်မြို့ခံ လူမှုရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုဇော်ဇော်ထွန်းက “စစ်တပ်က ဘုရားတောင် အလယ်လောက်မှာရှိတာ။ သူတို့က ဘာမှ အနှောင့်အယှက်မပေးပေမယ့် သူတို့ရှိရင် စိုးရိမ်မှုရှိကြတယ်။ မျောက်ကလေး တွေလည်း တိုက်ပွဲအတွင်းက အစာငတ်ပြီး ဒုက္ခရောက်ခဲ့ကြတယ်။ သတင်း တွေမှာလည်း တွေ့ရမှာပါ။ အကောင်းဆုံးက စစ်တပ် မရှိရင်တော့ ဘုရားဖူးတွေ ပိုရောက်မှာပေါ့” ဟုပြောသည်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကလည်း မြောက်ဦး မြို့နယ်အတွင်းရှိ ဘုရားတောင်အချို့တွင် စစ်တပ်နေရာယူထားဆဲဖြစ်သည်မှာ ဟုတ်မှန်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုကို ပိုမို ပြသရန်နှင့် ဘုရားဖူးဧည့်သည်များ လုံလုံခြုံခြုံဖြင့် စိုးရိမ်စိတ်မရှိ ဘုရားဖူး လည်ပတ်နိုင်ရန်အတွက် ဘုရားတောင်များတွင် စခန်းချထားသည့်တပ်များကို ပြန်ရုပ်သိမ်းရန် လိုအပ်ကြောင်း ထောက်ပြ ပြောဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ကောင်စီမှ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ရာ၌ ဖုန်းမကိုင်သဖြင့် တပ်ဘက်က သဘောထားအား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသေးပါ။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာတပ်မတော်တို့အကြား ၂ဝ၁၈ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် တိုက်ပွဲများမှာ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ဒုတိယအပတ်တွင် ရပ်နားသွားခဲ့ပြီး လက်ရှိ အချိန်ထိ တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိတော့ဘဲ တည်ငြိမ်နေသဖြင့် ယခုနှစ် ပွင့်လင်းရာသီ၌ ရခိုင်က ဘုရားအများအပြားတွင် ဒေသအတွင်းက ဘုရားဖူးများသာမက မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဘုရားဖူးများလည်း လာရောက် ဖူးမျှော်မှုများ ရှိနေသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ