Preview

ရခိုင်ရှိ နံ့သာကျွန်းသို့ ဆောင်းခိုငှက်များ သောင်းနှင့်ချီလာရောက်၊ အရေအတွက်ယခင်နှစ်ထက် လာရောက်မှုများပြားဟုဆို

ဇန်နဝါရီ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :2193
ရခိုင် သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁ / ၂၀၂၁
နိုင်ငံတကာက ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် ရခိုင်ရှိ နံ့သာကျွန်းသို့ ဆောင်းခိုငှက်များ သောင်းနှင့်ချီလာရောက်နေ၍ ယခင်နှစ်ထက် လာရောက်မှုများပြားကြောင်း ၇ခိုင်ဇီ၀မျိုးစုံမျိုးကွဲနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ကိုရန်နောင်စိုးက ပြောသည်။
"ဒီဇင်ဘာ ၂၀ လောက်ကနေ ငှက်တွေကတော့ စုံနေပါပြီ။ စုစုပေါင်း အကောင်အရေအတွက် သောင်းကျော်ပါတယ်။ အရင်နှစ်နဲ့စာရင် ရေညှောင့်နှုတ်ဝိုင်းငှက်ကလွဲလို့ ကျန်တဲ့ငှက်တွေ ပိုများလာတယ်"ဟု ပြောသည်။
ယခင်နှစ်က ယခုကဲ့သို့ သောင်းနှင့်ချီလာရောက်ခဲ့မှုမရှိခဲ့ဟုလည်း ဆိုသည်။
လာရောက်ကြသည့်ဆောင်းခိုငှက်များမှာ တစ်ကမ္ဘာလုံး၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ကမ္ဘာ့အရှားပါးဆုံးရေညှောင့်နှုတ်ဝိုင်းငှက် (Spoon-billed sandpiper)၊ နှုတ်တိုရှည်ငှက်၊ နော်မန်ခြေစိမ်းငှက်အစရှိသော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် ဌာနေငှက်များပါဝင်သည်ဟု သိ၇သည်။
ယင်းတို့အနက် ရေညှောင့်နှုတ်ဝိုင်းငှက်သည် နံ့သာကျွန်းသို့ ဒုတိယအများဆုံးလာရောက်ဆောင်းခိုလေ့ရှိသည်ဟုလည်း သိ၇သည်။
နံ့သာကျွန်းသည် ရေမြေဧက ၂၂,၉၇၉ ဧကကျယ်ဝန်းပြီး စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ မေယုမြစ်၀နှင့် ဘင်္ဂလားပင်လယ်အော်ကြား ရသေ့တောင်မြို့နယ်အပိုင်တွင်တည်ရှိသည်။
ယင်းကျွန်းသည် ရေဝပ်ဒေသအချက် ၆ ချက်ဖြင့်ပြည့်စုံသည့်အတွက် ကမ္ဘာအနှံ့အပြားမှရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန်ဖွဲ့စည်းထားသည့် Ramsar အဖွဲ့၏ ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်တွင် သတ်မှတ်ခံထားရသည်ဟု သိ၇သည်။
နံ့သာကျွန်းသည် သဘာ၀ဇီ၀မျိုးစုံမျိုးကွဲများကျက်စားတတ်သည့်ကျွန်းဖြစ်သည့်အပြင် ရေနေသတ္တဝါများနှင့် ပင်လယ်လိပ်များလည်း ကျွန်းသို့ လာရောက်ဥချလေ့ရှိပြီး ဧရာ၀တီလင်းပိုင်များလည်း လာရောက်တတ်ကြောင်း သိ၇သည်။
ယင်းကြောင့် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ပေးရန် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် စစ်တွေမြို့နယ်သစ်တောဦးစီးဌာနက နေပြည်တော်ရှိ သစ်တောရုံးချုပ်အထိ တင်ပြထားကြောင်း သိ၇သည်။
သို့သော် လက်ရှိအချိန်အထိ သစ်တောရုံးချုပ်က တစ်စုံတစ်ရာအကြောင်းပြန်ကြားမှုမရှိသေးဟုလည်း သိ၇သည်။
လက်ရှိတွင် အဆိုပါကျွန်းတွင် သဲလာတူးကြသူများနှင့် ငှက်လာပစ်သူများရှိနေသည့်အတွက် ကျွန်းမြေနေရာဆုံးရှုံးမှုနှင့် သန္တာကျောက်တန်းပျက်စီးမှုကို ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ရန် အရေးတကြီးလိုအပ်နေသည်ဟုလည်း ကိုရန်နောင်စိုးက ပြောသည်။
#သဘာဝသယံဇာတ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.