Preview

လိုင်စင်မဲ့သုံးဘီးနှင့် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးခြင်းမပြုရန် ၇ခိုင်လူမှုအဖွဲ့အစည်း (၉)ခုက ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆို

ဇန်နဝါရီ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :1963
ရခိုင် သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၈/ ၂၀၂၂
ရခိုင်မှ လိုင်စင်မဲ့သုံးဘီးနှင့် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးခြင်းမပြုရန် ၇ခိုင်လူမှုအဖွဲ့အစည်း(၉)ခုက ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆိုလိုက်ကြောင်း သိ၇သည်။
အဆိုပါစာကို ရခိုင်အမျိုးသမီးများကွန်ရက်(RWN)၊ ရခိုင်အမျိုးသမီးအစည်းအရုံး(RWU)၊ ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွှတ်ရေးကော်မတီ(AASC)နှင့် ညီညွှတ်သောလူငယ်များအစည်းအရုံး(YAYU)တို့အပါအဝင် ၇ခိုင်လူမှုအဖွဲ့အစည်း ၉ ခုက ဇန်နဝါရီ ၆ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းထံ တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိ၇သည်။
အဆိုပါစာတွင် ရခိုင်ရှိ လိုင်စင်မဲ့သုံးဘီးနှင့် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးအရေးယူမည်ဆိုပါက ၄င်းတို့ကိုမှီခိုနေကြသည့် မိသားစုစားဝတ်နေရေး ပြဿနာများရှိလာမည်ဖြစ်ပြီး ၄င်းတို့ကို အားကိုးအားထားအသုံးပြုနေရသည့် အခြေခံလူတန်းစားများအတွက် သွားလာရေးအခက်အခဲများရှိလာမည်ဟု ရေးသားထားသည်။
လိုင်စင်မဲ့သုံးဘီးနှင့် ဘေးတွဲဆိုင်ကယ်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပေးမှုများ ပြုလုပ်ပေးပြီး လိုင်စင်မရှိပါက လိုင်စင်များထုတ်ပေးရန်လည်း ထည့်သွင်းတောင်းဆိုထားသည်ကို တွေ့၇သည်။
တောင်းဆိုရာတွင်ပါဝင်သည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “မြို့တော်အင်္ဂါရပ်နဲ့မညီဘူးဆိုရင် ညီအောင်လုပ်ဖို့က ကျွန်မတို့ စစ်တွေအနေနဲ့ဆိုရင် သတ်မှတ်ထားတဲ့လိုင်းကားလည်းမရှိဘူး။ မောင်းနှင်နေတဲ့လူတွေကလည်း ကျွမ်းကျင်တဲ့လူပါချင်ပါမယ်။ မပါချင်လည်းမပါဘူး။ ဒါပေမယ့် ဒါကို ပညာပေးမှုတွေလုပ်ပေးရမယ်လို့ ကျွန်မတို့ စဉ်းစား၇မယ်” ဟုပြောသည်။
စစ်တွေမြို့နယ်တွင်ဆိုလျှင်လည်း လိုင်စင်မဲ့ဘေးတွဲနှင့် သုံးဘီးဆိုင်ကယ်မောင်းသူ ၅ ထောင်ခန့်ရှိနေပြီး ဖမ်းဆီးအရေးယူခံရမည်ဆိုသည့်သတင်းကြောင့် စိုးရိမ်ကြောင့်ကြမှုများရှိနေသည်ဟု သိ၇သည်။
ရခိုင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့သုံးဘီးနှင့် ဘေးတွဲဆိုင်ကယ်များကို ဖမ်းဆီးအရေးယူတော့မည်ဟု ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
မည်သည့်နေ့တွင် စတင်အရေးယူမည်ဆိုသည်ကို တိတိကျကျပြောဆိုခဲ့ခြင်းမရှိခဲ့ပါ။
ဘေးတွဲများနှင့် သုံးဘီးဆိုင်ကယ်များကိုလိုင်စင်များမထုတ်ပေးဘဲ ဖမ်းဆီးအရေးယူမည်ဆိုပါက ခိုးမှု၊ လုယက်မှုနှင့် လူသတ်မှုများအထိပင် ဖြစ်ပွားလာနိုင်သည်ဟု စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။
“အလုပ်မရှိရင် ခိုးမှု၊ လုယက်မှုတွေ လူသတ်မှုတွေတိုးလာနိုင်တယ်။ စားစရာမရှိရင် လုပ်ချင်ရာလုပ်ကြတော့မယ်လေ။ မြို့အင်္ဂါရပ်နဲ့မညီလို့ပြောရအောင် အစကတည်းက ဘေးတွဲတွေသုံးလေးစီးမြို့ထဲမှာမြင်ကတည်းက တားခဲ့၇မှာ”ဟုပြောသည်။
လက်ရှိတွင် ရခိုင်လူမှုရေးအဖွဲ့အစည်းများ၏ တင်ပြတောင်းဆိုချက်နှင့်ပတ်သက်၍ ပြည်နယ်ကောင်စီဘက်က တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်းမရှိသေးဟု သိ၇သည်။
#သယ်ယူပို့ဆောင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.