အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များကို စည်ပင်က စနစ်တကျသိမ်းဆည်းမှုအားနည်းခြင်းကြောင့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး ထိခိုက်နိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

ထက်အောင်
နိရဥ္စရာ၊ ဇန်နဝါရီ ၈/ ၂ဝ၂၂
ရခိုင်ရှေးဟောင်းမြို့တော်မြောက်ဦးမြို့တွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသည့်အမှိုက်များကို စည်ပင်က စနစ်တကျသိမ်းဆည်းမှုအားနည်းခြင်းကြောင့် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရန် ခက်ခဲသွားနိုင်ကြောင်း လူမှုရေးလှုပ်ရှားနေသူများက ထောက်ပြပြောဆိုသည်။
မြောက်ဦးလူငယ်များအစည်းအရုံးမှ ကိုရွှေသန်းကျော်က “အဲဒီအမှိုက်ကြောင့် ချောင်းမြောင်းတွေ ပိတ်တာတွေ၊ အရင်တုန်းကရှိခဲ့တဲ့ ရေတံခါးတွေပျောက်လာတာတွေနဲ့ ကျုံးတွေပိတ်သွားတာဟာလည်း အားလုံးအမှိုက်ကြောင့် ဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ လူငယ်အဖွဲ့အစည်းတွေနဲ့ စည်ပင်ဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်မှ အဆင်ပြေပါမယ်” ဟု ပြောသည်။
မြောက်ဦးတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားကြသည့်အမှိုက်များကို ဆိုးဆိုးဝါးဝါးတွေ့ရသည့်နေရာများမှာ မြို့၏အထင်ကရနေရာများဖြစ်သော သင်္ဘောဆိပ်၊ ဗန္ဓုတံတားအနီးနှင့် ရေပေါက်ဝတံတားအနီးတို့ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
မြို့တွင်းရှိ ချောင်းကမ်းနံဘေးတို့တွင်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို အများဆုံးတွေ့ရပြီး ချောင်းထဲသို့ အမှိုက်များ မျောပါမှုကြောင့် ချောင်းများတိမ်ကောကာ မိုးရာသီတွင် ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေရကြောင်း သူက ဆက်ပြောသည်။
မြောက်ဦးမြို့ရှိ ရှေးဟောင်းဘုရားပုထိုးများအနီးတွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးအချို့က အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်မှုများရှိနေသည်ဟုလည်း မြို့ခံများက ပြောသည်။
ရှေးဟောင်းယဉ်ကျေးအမွေအနှစ်အရေးဆောင်ရွက်နေသည့် မြို့ခံတစ်ဦးက “အမှိုက်ပစ်တာကတော့ အားလုံးနေရာမှာ ပစ်ကြတယ်။ ဘုရားအနီးအနားမှာဆိုပြီး မချန်လှပ်ထားကြဘူး။ အမှိုက်ပုံးကလည်း နေရာတိုင်မှာ ထားတာပါပဲ။ ဒါပေမယ့် အမှိုက်ပုံးကို မရောက်ဘူး”ဟု ပြောသည်။
လက်ရှိတွင် မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရန် အဆိုပြုလွှာမူချောကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ဝ ရက်တွင် တင်သွင်းထားပြီဖြစ်သည်။
လာမည့်သြဂုတ်လအတွင်း ပညာရှင်များလာရောက်ကြည့်ရှုသည့်အခါ ယခုကဲ့သို့ စည်းကမ်းမဲ့စွန့်ပစ်ထားကြသည့်အမှိုက်များကြောင့် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရန် အခက်တွေ့သွားစေနိုင်သည်ဟုလည်း ထောက်ပြပြောဆိုနေကြသည်။
ဤကဲ့သို့ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများသည် မြို့နယ်စည်ပင်နှင့်လည်း များစွာသက်ဆိုင်နေပြီး စည်ပင်အနေဖြင့် အမှိုက်များကို အချိန်ချိန်မှန်မှန် လာရောက်သိမ်းဆည်းမှုအားနည်းခြင်းကြောင့်ဟု မြောက်ဦးဒေသခံများက ဝေဖန်ကြသည်။
မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေမောင်ကမူ မြောက်ဦးမြို့တွင် စည်ပင်ပိုင်အမှိုက်သိမ်းကား ၂ စီးဖြင့် ပုံမှန်ပတ်ကာ အမှိုက်များသိမ်းဆည်းနေသည်ဟု နိရ ဉ္စရာကိုပြောသည်။
“အဲဒီအမှိုက်တွေကို သိမ်းဆည်းဖို့ဆိုရင် စည်ပင်သာယာကို ကျသင့်တဲ့အခွန်အခ ပေးဆောင်ရမယ်ဆိုပြီး မြို့ပတ်ပြီးကြေညာတယ်။ ကြေညာပေမယ့်လည်း တစ်ယောက်မှမရောက်ပါဘူး။ စီးပွားရေးလုပ်ငန်းကထွက်တဲ့အမှိုက်တွေဆိုရင် ကိုယ့်လက်ကလွတ်ရင် ကိုယ်နဲ့မဆိုင်တဲ့ပုံမျိုးပါ။ စည်ပင်သာယာက ဒီနေရာမှာ မပစ်နဲ့ဆိုရင် ချောင်းထဲမှာပစ်တယ်။ အမှိုက်သံသရာကတော့ ဒီလိုပဲ လည်နေတယ်”ဟု ပြောသည်။
မြောက်ဦးတွင် အမှိုက်လုံးဝမရှိစေရန် လူအင်အား၊ စက်ယန္တရားအင်အားနှင့် ငွေကြေးအင်အားလည်း လိုသည့်အပြင် ပြည်သူများကလည်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်လိုသည်ဟု ဆက်ပြောသည်။
ဓာတ်ပုံ - မြောက်ဦးမြို့ သင်္ဘောဆိပ်တွင်တွေ့ရသည့် အမှိုက်ပုံ။

ဆက်စပ် သတင်းများ