နိရဥ္စရာ၊ ဇန်နဝါရီ ၁၀/၂၀၂၂
ရခိုင်တွင် ပထမဆုံးအကြိမ်အဖြစ် အိမ်ထောင်သည်အလှမယ်ပြိုင်ပွဲကို လာမည့်ဖေဖော်ဝါရီလအတွင်းကျင်းပသွားမည်ဟု သိ၇သည်။
အဆိုပါပြိုင်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Akyab Stars Arts and Talents Centre ကဦးဆောင်ကာ ဖေဖော်ဝါရီလ ၁၄ ရက် Valentine Day ၌ကျင်းပမည်ဟု သိ၇သည်။
အိမ်ထောင်သည်အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်သည်ဟုလည်း Akyab Stars တည်ထောင်သူ ကိုစံသာက နိရဥ္စရာကို ပြောသည်။
"အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးရင် အိမ်မှာပဲ အိမ်မှုကိစ္စတွေလုပ်ပြီးနေနေရတော့ သူတို့ရဲ့စိတ်ထဲမှာ သိမ်ငယ်စိတ်တွေနဲ့နေနေရတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အခရာကျတယ်။ သူတို့ကိုယ်တိုင်တော်နေမှ တော်တဲ့သားသမီးတွေကို မွေးထုတ်ပေးနိုင်တယ်ပေါ့လေနော်။ အဓိကက အမျိုးသမီးတွေရဲ့လုပ်နိုင်စွမ်းအားကို ပြချင်လို့ပါ" ဟု ပြောသည်။
ပြိုင်ပွဲတွင် အသက် ၂၂ နှစ်မှ အသက် ၅၀ အထိ အိမ်ထောင်ရှင်အမျိုးသမီးတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဒိုင် ၆ ဦးက အကဲဖြတ်ဆုံးဖြတ်ပေးသွားမည်ဟု ကိုစံသာက ပြောသည်။
Winner ဆုအတွက် ဆုငွေကျပ် ၅ သိန်းနှင့် သရဖူရရှိမည်ဖြစ်ပြီး First Runner Up နှင့် Second Runner Up အတွက် သရဖူနှင့် ဆုများအပြင် အခြားသော Titles ဆုများကို ပေးအပ်သွားမည်ဟု သိ၇သည်။
ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် စစ်တွေမြို့မှ အေးမွန်ဦးက "ငယ်ငယ်ကတည်းကလည်း ဝါသနာပါတယ်။ စင်ပေါ်မှာ ကိုယ့်အရည်အချင်းကိုထုတ်ပြချင်တယ်။ နေ့တိုင်းအိမ်ထဲမှာပဲ ။ အခုဆို ပြိုင်ပွဲမှာဝင်ပြိုင်လိုက်လို့ ကိုယ့်အရည်အချင်းနဲ့ အောင်မြင်သွားရင် တခြားနေရာတွေမှာလည်း ဆက်ပြိုင်မယ့် ရည်ရွယ်ချက်ရှိပါတယ်"ဟု ပြောသည်။
ပြိုင်ပွဲတွင် Winner ရရှိသည့် Mrs Queen အား သက်ဆိုင်ရာပြိုင်ပွဲများတွင် ရခိုင်ပြည်ကိုယ်စားပြုအနေဖြင့် ယှဉ်ပြိုင်စေမည်ဖြစ်ပြီး AKYAB STARS Arts and Talents Centre က တစ်နှစ်တာ စာချုပ်နှင့်အတူ ပရဟိတ လုပ်ငန်းများနှင့် Photo Shooting များ ရိုက်ကူးရမည်ဟု သိ၇သည်။
စိတ်ဝင်စားသူများအနေဖြင့် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း စစ်တွေရှိ AKYAB STARS Arts and Talents Centre သို့ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပြီး လူဦးရေ ၂၅ ဦးသာလက်ခံမည်ဟုလည်း သိ၇သည်။
--------------------