Preview

ရခိုင်တံခွန်ဆုရှင် ဦးဝင်းမောက် ရခိုင်မြို့အများအပြားသို့ တတိယအကြိမ် တစ်ကိုယ်တော်စက်ဘီးစီး၍ ခရီးနှင်မည်

ဇန်နဝါရီ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :7147
ရခိုင် သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၁ / ၂၀၂၂
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်တွင်ကျရောက်ခဲ့သည့် (၄ရ)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်တံခွန်ဆုရှင် ဦးဝင်းမောက်(ခေါ်)ဦးဝင်းမောင်သည် လာမည့်ရက်ပိုင်းမှစတင်ကာ ရခိုင်ပြည်ရှိ မြို့အများအပြားသို့ တစ်ကိုယ်တော်စက်ဘီးစီး၍ ခရီးနှင်သွားမည်ဟု သိ၇သည်။
စစ်တွေမြို့တွင်နေထိုင်သည့် အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သော ဦးဝင်းမောက်(ခေါ်)ဦးဝင်းမောင်သည် ဇန်နဝါရီလ ၂၇ ရက်တွင် ရမ်းဗြဲမြို့မှစတင်ထွက်ခွာမည်ဟု သူက ပြောသည်။
“ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သွားတာပါ။ ဒီလိုသွားရတော့ ပျော်တယ်။ အရင်နှစ်တွေကလည်း မြန်မာပြည်ဘက်တွေကို တစ်ကိုယ်တော်သွားဖူးတယ်”ဟုပြောသည်။
ရမ်းဗြဲမြို့မှတဆင့် မာန်အောင်၊ တောင်ကုတ်၊ ဂွ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ မြောင်းဘွယ်၊ မြောက်ဦး၊ ကျောက်တော်၊ ယိုးတရုပ်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့များသို့ စက်ဘီးဖြင့်ခရီးနှင်မည်ဖြစ်ပြီး ရက်သတ္တပတ် (၃)ပတ်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သူက ဆိုသည်။
သူသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်နေ့မတိုင်မီကလည်း ယင်းနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရခိုင်ပြည်ရှိ တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ဂွ-ငသိုင်းချောင်း၊ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မုံရွာ၊ ပုဂံ၊ ညောင်ဦး၊ မကွေးသို့ တစ်ကိုယ်တော် စက်ဘီးဖြင့် ပထမအကြိမ်ကို သွားရောက်ခဲ့သည်။
ယင်းသို့သွားရောက်မှုကြောင့် ရန်ကုန်ရှိ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ပေးအပ်သော ရခိုင်တံခွန်ဆုကို ရရှိခဲ့ကြောင်းလည်း သိ၇သည်။
ယင်းအပြင် ၂၀၁၈ ခုနှစ်တွင်လည်း ပြည်၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ လားရှိူး၊ မူဆယ်နှင့် တရုတ်ပြည်ဘက်သို့ ဒုတိယအကြိမ်သွားရောက်ခဲ့ပြီး ယခုခရီးစဉ်သည် သူ၏ တတိယမြောက်ခရီးစဉ်ဖြစ်သည်။
ယခုခရီးစဉ်အတွင်း လုံခြုံချောမွေ့စေရေး လိုအပ်သည်များကို ကူညီပံ့ပိုးပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်က စာတင်တောင်းဆိုခဲ့ပြီး သွားရောက်ခွင့် ခွင့်ပြုချက်ကိုလည်း ပြည်နယ်ကောင်စီထံမှ ရရှိခဲ့ပြီဟု သိ၇သည်။
ဦးဝင်းမောက်(ခေါ်)ဦးဝင်းမောင်သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
သူ၏ဖခင် ဦးငပြူးသည်လည်း မြန်မာနိုင်ငံအနှံ့ကို (ရ) ကြိမ်တိတိ စက်ဘီးစီး၍ ခရီးသွားရောက်ခဲ့သူဖြစ်ပြီး အသက် ၉၇ ခုနှစ်အရွယ် ၂၀၁၅ ခုနှစ်တွင် စစ်တွေ၌ကွယ်လွန်သွားခဲ့သည်။
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.