AA နှင့်ဆက်စပ်သည်ဟုဆိုကာ တရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးအား အကြမ်းဖက်မှုပုဒ်မများဖြင့် စွဲချက်တင်


မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၂/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံနေရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအား ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အကြမ်းဖက်မှုပုဒ်မများဖြင့် စွဲချက်တင်လိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးလှအောင်သိန်းက ပြောသည်။
"ဒီနေ့မှာ ငါးယောက်စလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ၅၂ (က)နဲ့ စွဲချက်တင်ပါတယ်။ နောက်ပြီးတရားခံတွေက အပြစ်မရှိကြောင်းဝန်ခံပြီးတော့ အသီးသီးသက်သေတွေပြပါတယ်"ဟုပြောသည်။
၄င်းတို့အား လာမည့် ဇန်နဝါရီလ ၁၉ ရက်ရုံးချိန်းတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
စွဲချက်တင်ခံလိုက်ရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်သည်။
၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ရာတွင် ပါဝင်ခဲ့သူများဖြစ်သည်။
စတင်ဖမ်းဆီးခဲ့ပြီးနောက် ရွာသား ၃၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန် ၅ ဦးကို ပုဏ္ဏားကျွန်းမြို့ ခမရ ၅၀၅ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းကတရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဆက်လက်တရားစွဲဆိုခံနေကြရခြင်းမှာ မဖြစ်သင့်ကြောင်း ဥပဒေကျွမ်းကျင်သူများကပြောဆိုကြပြီး ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

Share: