Preview

ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့်ဝန်ကြီးဟောင်းဦးမင်းအောင်တို့၏ ရွေးကောက်ပွဲနှင့်ဆိုင်သောအမှုများကို ရက်ပေါင်း ၁၁၀ အတွင်း အပြီးသတ် စစ်ဆေးမည်

ဇန်နဝါရီ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :2698
ရခိုင် သတင်း

ထက်အောင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၄ / ၂၀၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဝန်ကြီးဟောင်း ဦးမင်းအောင်တို့၏ ရွေးကောက်ပွဲနှင့်ဆိုင်သော အမှုများကို ရက်ပေါင်း ၁၁၀ အတွင်း အပြီးသတ်စစ်ဆေးရန် ယနေ့ရုံးချိန်းတွင် သတ်မှတ်ခဲ့သည်ဟု သိ၇သည်။
၎င်းတို့အား စွဲဆိုထားသည့် ပုဒ်များမှာ ဥပဒေပုဒ်မ ၁၃၀(က)နှင့် ၁၀၉ ပုဒ်မတို့ ဖြစ်ကြသည်။
၄င်းတို့နှစ်ဦးကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ Video Conferencing စနစ်ဖြင့်ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် တရားလိုအပါအဝင် လိုပြသက်သေများနှင့် တရားစွဲဆိုခံ၇သည့် ဦးညီပု၊ ဦးမင်းအောင်တို့နှစ်ဖက်စလုံးကို တစ်ဖက် ၅၅ ရက်စီဖြင့် ရက်ပေါင်း ၁၁၀ အတွင်း အပြီးသတ် စစ်ဆေးသွားမည်ဟု သတ်မှတ်ခဲ့သည်ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေဦးဝင်းအောင်က ပြောသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က ပုဒ်မ ၁၃၀(က) ဖြင့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရာလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ဦးမင်းအောင်ကို ပုဒ်မ ၁၃၀(က)အပြင် ဝန်ကြီးချုပ်ဟောင်း၏ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့် ဇန်နဝါရီလ ၅ ရက်တွင် ထပ်တိုးတရားစွဲခံခဲ့ရသည်ဟု သိ၇သည်။
အထက်တန်းရှေ့နေဦးဝင်းအောင်က “အဓိကတော့ ရုံးကအရေးယူတာက ဝန်ကြီးချုပ်ဟောင်း ဦးညီပုဟာ ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ကျော်လွန်ပြီးလုပ်တယ်ဆိုပြီးတော့အရေးယူဆောင်ရွက်တယ်။ ဦးမင်းအောင်ကိုကျတော့ ဝန်ကြီးချုပ်လုပ်တာကို အားပေးကူညီတယ်ဆိုပြီး ပုဒ်မ ၁၃၀(က)ရော၊ ၁၀၉ နဲ့ပါ အရေးယူတယ်” ဟု ပြောသည်။
၄င်းတို့နှစ်ဦးကို လာမည့် ဇန်နဝါရီ ၂၄ ရက်သို့ ထပ်မံရုံးချိန်းလိုက်သည်ဟုလည်း သိ၇သည်။
ပုဒ်မ ၁၃၀(က) သည် ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ပုဒ်မ ၁၀၉ သည် ထောင်ဒဏ်နှင့် ပတ်သက်ပြီး ဥပဒေထဲတွင် တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိဟု ရှေ့နေက ဆိုသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် အခြားဝန်ကြီးဟောင်းအချို့နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်တရားစွဲဆိုခံထားရပြီး ပြည်နယ်တရားလွှတ်တော်တွင် အမှုရင်ဆိုင်နေ၇သည်။
ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ်တရားရုံးက ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ထောင် ၂ နှစ် ချမှတ်ခံထား၇သည်။
#NLD/နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.