မြန်မာရေပြင်နှင့် နီးကပ်စွာတည်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံစိန့်မာတင်ကျွန်း (St. Martin) အနီးတွင်မှောင်ခိုစက်လှေ တစ်စီးပေါ်က ယာဘားစိတ်ကြွဆေးပြား ၁၁၉၅၆၀၀ ပြား၊ ခေတ်မီသေနတ်တစ်လက်၊ကျည်ဆံ အတောင့် ၂၀နှင့် ကျည်ဘောက် ၂ ခုတို့ကို ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်ဟုအိုးကီးယားနယူးတွင် ဘင်္ဂလီဘာသာဖြင့် သတင်းဖော်ပြသည်။
ထိုသို့ ဖမ်းမိခဲ့ခြင်းကို ယနေ့တက်ကနက်မြို့ ကမ်းခြေစောင့်တပ်ဖွဲ့ အတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ကမ်းခြေစောင့်တပ်ဖွဲ့ တပ်မှူးက သတင်းထောက်များကို ပြောကြားခဲ့သည်။
ယမန်နေ့ ဇန်နဝါရီ ၁၈ ရက် နေ့လယ်က ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့နှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB တို့သည် သတင်းအရအထူးအော်ပရေးရှင်း တစ်ခုကို ပြုလုပ်စဉ် စိန့်မာတင်ကျွန်အနီးတွင် မော်တော်ဘုတ်တစ်စီးပေါ်မှ၎င်းဆေးပြားများနှင့် သေနတ်ကို ဖမ်းမိခဲ့သည်ဟု ဆိုသည်။
သတင်းအရ စောင့်ဆိုင်းနေစဉ် မော်တော်ဘုတ်တစ်စီး ဝင်လာသဖြင့်ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့က အချက်ပြ တားဆီးသော်လည်း မရပ်တန့်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာမှောင်ခိုသမားများမှာ ဘုတ်ပေါ်မှ ခုန်ဆင်းပြီး မြန်မာကမ်းခြေဘက်သို့ ရေကူးထွက်ပြေးသွားကြသည်ဟုသတင်း၌ ဖော်ပြထားသည်။
ဖမ်းဆီးရမိသော ဆေးပြားများနှင့် လက်နက်ကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် တက်ကနက် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းလိုက်သည်ဟုဆိုသည်။