သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော် ဝင်စုကျေးရွာတွင်တပ်စွဲထားသည့်စစ်ကြောင်းပြန်လည် ထွက်ခွာသွားပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.7k

ပိုးဝါ
နိရဥ္စရာ၊ ဇန်နဝါရီ ၂၁/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝင်စုကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲနေသည့် စစ်ကြောင်းသည် ယနေ့ နံနက်က ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရွာမှ ထွက်ခွာ သွားသည့်အတွက် စိုးရိမ်မှုများ ရှိနေခဲ့ကြသည့် ဝင်စုကျေးရွာသားများ စိတ်သက်သာရာရခဲ့ကြပြီး တိမ်းရှောင်နေသည့် ရွာသားများလည်း နေရပ် ပြန်လာနေကြပြီဖြစ်ကြောင်း ဝင်စုကျေးရွာတာဝန်ခံက နိရဥ္စရာကိုပြောသည်။
"ဒီနေ့ မနက် ၇ နာရီ ၁၅ မိနစ်လောက်က ရွာကထွက်သွားပါပြီ။ အခု ပွဲကျသလို ပျော်နေကြပါတယ်။ ရွာကရှောင်နေကြတဲ့လူတွေလည်း ဒီနေ့ ပြန်လာကြပါပြီ"ဟု ပြောသည်။
အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ထော်လာဂျီသုံးစီးနှင့် ရွာထဲသို့ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ရွာရှေ့၊ ရွာနောက် လုံခြုံရေးများ ချထားခဲ့သည့်အတွက် ဝင်စုကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများမှ ရွာသားများမှာ ထိတ်လန့်ပြီး ကျောက်တော်မြို့ပေါ်သို့ ရှောင်တိမ်းနေထိုင်ခဲ့ကြရသည်ဟု သိရသည်။
ဝင်စုကျေးရွာသားတစ်ဦးက "သူတို့ရှိနေရင် သွားလာနေရတဲ့လူတွေလည်း စိုးရိမ်စိတ်များပြီး အသွားအလာလည်း အဆင်မပြေဘူး။ နေရတာ ကြောက်စိတ်တွေရှိတာပေါ့"ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျောက်တော်မြို့နယ် ပီထုကျေးရွာအနီး ဘက်စုံခြံ တောင်တွင် တပ်စွဲထားသည့်စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား နှစ်ဘက် စစ်ရေးတင်းမာမှုများ ရှိခဲ့သောကြောင့် ပီချောင်း ကားလမ်းကို ယာယီ ရပ်နားထားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
နောက်ပိုင်းတွင် အဆိုပါစစ်ကြောင်း ဆုတ်ခွာသွားသည့်အတွက် ကားလမ်းတွင် ပြန်လည် သွားလာနေကြပြီဟု သိရသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA )နှင့် မြန်မာတပ်မတော်တို့ ၂၀၁၈ ခုနှစ်က စတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်တွင်ရပ်နားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် မောင်တောမြောက်ပိုင်းတွင် စစ်တပ်ဖက်ကနယ်ကျော်လာ၍ ထိတွေ့ဖြစ်ပွားမှုအနည်းငယ်ရှိခဲ့သည်မှအပ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း မရှိတော့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ