မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၂/ ၂၀၂၂
၇ခိုင်အခြေစိုက် Western News သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက် ၁ ဦးကို စစ်တပ်မှ ဗိုလ်မှူးဘုန်းမြင့်ကျော်ဆိုသူက စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားခြင်းဖြစ်သည်ဟု Western news က ယနေ့ သတင်းဖော်ပြချက်အရ သိ၇သည်။
တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ကို Western news သတင်းဌာနနှင့် နီးစပ်သည့် တရားရုံးအသိုင်းအဝိုင်းမှ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် ညနေပိုင်းက သိရခြင်းဖြစ်ပြီး ဦးတိုက်လျှောက်ထားရာတွင် ပါဝင်သည့် သတင်းထောက် ၁ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း မသိသေးကြောင်း Western news သတင်းဌာနမှ လက်ထောက်အယ်ဒီတာချုပ် ကိုထွန်းသာက နိရဥ္စရာသို့ပြောသည်။
“ကျနော်တို့ကို သမ္မန်စာနဲ့ ဆင့်ခေါ်တာတွေ၊ တရားရင်ဆိုင်ရဖို့ ဖြစ်လာမယ်ဆိုရင် ကျနော်တို့ Western news ဌာနက သတင်းဖော်ပြခဲ့တာက ကျနော်တို့သည် သတင်းဂုဏ်သိက္ခာနှင့်အညီ၊ သတင်းကျင့်ဝတ်များနှင့်အညီ ရေးသားဖော်ပြခဲ့တာဖြစ်တယ်။ အဲဒီမှာ မဟုတ်မမှန်ရေးသားဖော်ပြခဲ့တာလည်း မဟုတ်ဘူး။ အဲဒါဟာ တကယ့်မျက်မြင်သက်သေတွေနဲ့ ရေးသားဖော်ပြခဲ့တာဖြစ်တယ်။ အဲဒီသတင်းကိုဖော်ပြခဲ့လို့ အင်တာဗျူးဖြေတဲ့သူကိုလည်း စစ်ကောင်စီကဖမ်းထားပြီး ဘယ်နေရာမှာ ထားထားမှန်းလည်းမသိရဘူး။ ကျနော်တို့အနေနဲ့ မှန်ကန်တဲ့သတင်းကို ဖော်ပြတဲ့အတွက် ကျနော်တို့မှာ အပြစ်မရှိလို့ ကျနော်တို့ ခံယူပါတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ အမှားမဟုတ်တဲ့အတွက် သီးသန့်စကားပြောစရာမလိုဘူး။ တရားစီရင်ရေး၊ ဥပဒေအရေးကိုလည်း သူတို့လုပ်တယ်။ စွဲတာကိုလည်း သူတို့တရားလိုလုပ်ပြီး စွဲတယ်။ အဲဒါဟာ လုံး၀တရားမျှတတဲ့ အခြေအနေတစ်ခုမဟုတ်တဲ့အတွက် ကျနော်တို့အနေနဲ့ တရားပါတယ်ဆိုပြီး အမှုရင်ဆိုင်ဖို့ အခြေအနေမရှိပါဘူး” ဟုပြောသည်။
လက်ရှိတွင် Western news ကို တရားစွဲဆိုနိုင်ရန်အတွက် တရားလိုများအား စစ်ဆေးနေဆဲအခြေအနေတွင်သာရှိနေပြီး Western news သတင်းဌာနအနေဖြင့် သမ္မန်စာ၊ ဆင့်ခေါ်စာများကို လက်ခံမရရှိသေးကြောင်း သိ၇သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်က ပြည်နယ်ဥပဒေချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Western News သတင်းဌာနအား ဦးတိုက်လျှောက်ထားသည့် အမှုတစ်ခုရောက်ရှိနေကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။
Western News သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက် ၁ ဦးတို့အား ဦးတိုက် လျှောက်ထားသည့်ပုဒ်မမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က)ဖြစ်ပြီး ထောင်ဒဏ် နှစ် ၂၀ သို့မဟုတ် အနည်းဆုံးထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်ဟု သိ၇သည်။
Western News သတင်းဌာနသည် ၇ခိုင်ပြည်နယ် စစ်တွေမြို့တွင် အခြေစိုက်သည့် သတင်းဌာန တစ်ခုဖြစ်ပြီး ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် စစ်တပ်ကအလံဖြူထောင်သည့်သတင်းကို ဒီဇင်ဘာလ ၂၈ ရက်ကရေးသားဖော်ပြခဲ့သည့်အတွက် ထိုသို့ အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိ၇သည်။
Western News သတင်းဌာနက “ပလက်၀မြို့နယ် ၂၈၉ တပ်ရင်းအတွင်းတွင် အလံဖြူ ထောင်ထားသည်ကို မြင်တွေ့ရဟု ဒေသခံများဆို” ဟုဆိုသည့် သတင်းကို ရေးသားဖော်ပြခဲ့ပြီးနောက် ၄င်းသတင်းတွင် အင်တာဗျူး ဖြေဆိုခဲ့သူ ပလက်၀ မြို့ဒေသခံနှစ်ဦးဖြစ်သည့် ကိုတင်ထွန်းအောင်နှင် ကိုတင်ဦးတို့နှစ်ဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပလက်၀မြို့ရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့သည်။
ယင်းနောက် ကိုတင်ဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပလက်၀ ရဲစခန်းမှ ပြန်လွှတ်ပေးခဲ့ပြီး ကိုတင်ထွန်းအောင်ကို ရမန်ယူကာ မည်သည့်နေရာတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း မသိ၇ဟု မိသားစုဝင်များက ပြောသည်။